၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေအရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာ ရှိနေပြီလို့ ပါတီတာဝန်ရှိသူက ပြောဆိုထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ပြိုင်ပွဲဝင်ကိုယ်စားလှယ်လောင်း အများစုရဲ့ မဲရလဒ်အခြေအနေဟာ တခြားပါတီတွေထက် အသာစီးရနေတဲ့ အခြေအနေမှာ ရှိနေတာပါ။ ဒီကနေ့ ညနေပိုင်းအချိန်အထိ ရရှိထားတဲ့ မဲရလဒ်စာရင်းတွေအရဆိုရင် NLD ပါတီဟာ လာမယ့်အစိုးရသက်တမ်းအတွက် ဦးဆောင်နိုင်တဲ့အခြေအနေမှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ရလဒ်ကိုကျော်လွန်နိုင်ဖို့ မှန်းထားတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က VOA ကိုပြောပါတယ်။
“အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၃၂၂ ဦး၊ ပြည်ထောင်စုလွှတ်တော်နေရာကတော့ ကျော်သွားပါပြီ။ ကျနော်တို့ ၃၉၀ ကိုတောင် ဒါဆိုတော့ ၂၀၁၅ တုန်းက ရလဒ်ပေါ့။ ဒါကိုပါ ထပ်ကျော်လိမ့်မယ်လို့ ကျနော်တို့ကတော့ အခုတော့မှန်းထားတယ်။ ဒါပေမဲ့ အတိအကျကတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။”
တနိုင်ငံလုံးအတိုင်းအတာနဲ့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၁,၁၃၂ ဦးရှိပါတယ်။ ဒီနှစ်မှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဘာသာခြားပါတီဝင်တွေလည်း ပြိုင်ဖက်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တဲ့ အနေအထားမှာရှိနေတာပါ။
NLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ မဲအရေအတွက်အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့အကြောင်း ကော့မှူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်ကပြောပါတယ်။
“မဲဆန္ဒပေးခွင့်ရှိတဲ့သူ ၆၉,၈၀၀ ကျော်ရှိတယ်။ အဲဒီထဲကနေမှ ဒေါ်အောင်ဆန်းစုကြည်က ၆၄,၀၀၀ ကျော်ရတာ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အဓိကပြိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင်၊ စုစုပေါင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက အနိုင်ရပါတီနဲ့ ကိုယ်စားလှယ်အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေတုန်းဖြစ်ပြီး၊ ပဲခူးတိုင်းတတိုင်းလုံးမှာ NLD ပါတီတခုတည်းကသာ တိုင်းလုံးကျွတ်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ပဲခူးတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အတည်မပြုသေးပါဘူး။ ဒီကနေ့ ညနေပိုင်းအချိန်ထိတော့ ပဲခူးတိုင်းထဲက အုတ်တွင်းမြို့နယ်ရဲ့ စာရင်းသာရောက်ရှိပြီး အနိုင်ရပါတီကို အတည်ပြုနိုင်သေးတယ်လို့ သူကဆိုပါတယ်။
“ကျနော်တို့က အတည်ပြုပြီးတော့ မထုတ်ပြန်ရသေးဘူး။ တိုင်းလုံးကျွတ်နိုင်တယ်ဆိုတာက အပြင်ကနေသူတို့ဘာသူတို့ စာရင်းကောက်သွားတာတွေ။ ကျနော်တို့က အုတ်တွင်းတခုတော့ ထုတ်ပြီးပြီ။ အုတ်တွင်းရဲ့အခြေအနေကတော့ NLD ပါတီက အကုန်နိုင်တယ်။ ကျနော်တို့ဆီကို မြို့နယ်တွေက စာရင်းတွေ အခုချုပ်ကြတုန်း။ တော်တော်များများက ချုပ်ကြတုန်း။ (တတိုင်းလုံးစာရင်း) မရောက်သေးဘူး၊ ကျနော်တို့ဆီကို။”
သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စာရင်းအတည်မပြုသေးနိုင်ပေမဲ့လည်း အာဏာရပါတီ NLD ရဲ့ ဒီကနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွေအရတော့ ပဲခူးတိုင်းအတွင်းက မြို့နယ် ၅ ခုမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းနဲ့ အနိုင်ရရှိခဲ့တဲ့ မဲရလဒ်တွေကို အတည်ပြုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၅,၆၃၉ ဦး ရှိခဲ့ပြီး၊ ဆန္ဒမဲပေးခဲ့ကြသူတွေကတော့ ၃၇ သန်းကျော် ရှိခဲ့ပါတယ်ရှင်။ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းနဲ့ မဲရလဒ်တွေကိုတော့ အခုထိရေတွက်နေကြတုန်းဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သိရှိနိုင်ဖို့ကတော့ စောင့်ဆိုင်းနေရတုန်းပဲ ဖြစ်ပါတယ်။
Crd VOA News