ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား ၃ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်တယ်လို့ တရားလိုဘက်က ရှေ့နေ ဒေါ်မြသူဇာက RFA ကိုပြောပါတယ်။
စစ်တွေမြို့ လေးဝတီပညာရေးရိပ်သာက စစ်တရားခုံရုံးက ဒီနေ့ အမိန့်ချလိုက်တာပါ။
ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သား ၃ ဦးကို အရပ်ဘက် ဥပဒေဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၆၆၊ ၁၁၄ တို့အပြင် တပ်မတော်အက်ဥပဒေ ၇၁၊ ၃၅ (င)၊ ၄၇(၁) တို့နဲ့ အရေးယူအပြစ်ပေးခဲ့တာလို့ တရားလိုရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။
ဒီပြစ်ဒဏ်ဟာ မျှတတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။
တပ်မတော်အနေနဲ့ ဦးဂါကျေးရွာကိစ္စနဲ့ပတ်သက်ပြီး စစ်တရားရုံးမှာ စစ်ဆေးတာ ဖြစ်ပေမယ့် ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ် မေးမြန်းပေမယ့် ဒီနေ့လယ်အထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ဦးဂါကျေးရွာက ၃၆ နှစ်အရွယ်ကလေး ၄ ယောက် အမေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး နေအိမ်မှာပုန်းနေတဲ့ အမျိုးသမီးကို ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ခဲ့တာပါ။
ကျူးလွန်သူသုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၆၊ ၁၁၄ တို့နဲ့အရေးယူပေးဖို့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ နစ်နာသူ အမျိုးသမီးကိုယ်တိုင် တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်သားတွေဖြစ်လို့ တပ်မတော်အက်ဥပဒေအရ အရပ်ဘက်တရားရုံးမှာ မစစ်ဆေးဘဲ စစ်ခုံရုံးမှာ စစ်ဆေးပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။
RFA Burmese