အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက် သေဆုံးမှု ဆက်ပြီး မြင့်တက်နေဆဲ

13-Nov-2020

အမေရိကန်ပြည်ထောင်စုမှာ မနေ့ကြာသပတေးနေ့က နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်နဲ့ ဆေးရုံတက်ရသူအရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု စောင့်ကြည့်တဲ့ စီမံကိန်းရဲ့ စာရင်းတွေအရတော့ အမေရိကန်မှာ မနေ့က ရောဂါကူးစက်သူ ၁၅၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ရက်က ၁၄၄,၀၀၀ နဲ့ စံချိန်တင်ထားတာထက် ပိုများခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရသူအရေအတွက်ဟာ ၆၇,၀၀၀ ကျော်ရှိပြီး ဗုဒ္ဓဟူးနေ့ကထက် ၁,၇၀၀ ကျော်ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ ၁,၁၀၄ ယောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ကူးစက်မှုအသစ်တွေထပ်တိုးလာတာကြောင့် အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူဦးရေဟာ ၁၀ သန်းခွဲကျော်၊ သေဆုံးသူ ၂၄၂,၄၀၀ ကျော် နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။ ဒီထဲမှာ လူဦးရေအများဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ၁,၀၀၀,၀၀၀ နီးပါးနဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ တက္ကဆက်စ်ပြည်နယ်က ဒုတိယအများဆုံးဖြစ်ပါတယ်။

အမေရိကန်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံက ကူးစက်သူ ၈.၇ သန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၇ သန်းနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ တရုတ်ဆေးကုမ္ပဏီ Sinovac က စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဘရာဇီးလ်ကျန်းမာရေးအာဏာပိုင်တွေက ပြန်ပြီးတော့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ Sinovac ကုမ္ပဏီက စမ်းသပ်နေတဲ့ Coronavac ဆိုတဲ့ ကာကွယ်ဆေးစမ်းသပ်မှုအတွင်း ပါဝင်တဲ့သူတချို့မှာ ကျန်းမာရေးအရ စိုးရိမ်စရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာခဲ့တဲ့အတွက် ကျန်းမာရေး အာဏာပိုင်တွေဘက်က အစောပိုင်းမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အီတလီနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး အီတလီဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်ရှိတဲ့ ၁၀ ခုမြောက်နိုင်ငံဖြစ်လာပါတယ်။

Crd VOA News