အန္တာတိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ ပထမဆုံးတွေ့ရှိ

24-Dec-2020

ဆန်တီယာဂို   ဒီဇင်ဘာ   ၂၃

အန္တာတိကတိုက်ရှိ စစ်အခြေစိုက်စခန်းနှစ်ခုနှင့် အန္တာတိကတိုက်သို့   သွားခဲ့သည့်  စစ်သင်္ဘောပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၈ ဦး တွေ့ရှိခဲ့ကြောင်း ချီလီအာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများသည် အန္တာတိကတိုက်၏ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသူများ ဖြစ်သည်။  

အန္တာတိကတိုက်ရှိ The Gen. Bernardo O'Higgins Riquelme  စစ်အခြေစိုက်စခန်း၌  ၃၆ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း   ချီလီတပ်မတော်က ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။ ထို့ပြင် ချီလီနိုင်ငံ ဘိုင်အိုဘိုင်အိုဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးက ချီလီ နိုင်ငံပိုင်   ဆာဂျင်တိုအယ်ဒီရာ   စစ်သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ဦး တွေ့ရှိခဲ့ကြောင်း ယမန်နေ့ က ပြောကြားခဲ့သည်။ 

နောက်ထပ်   ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးအား အန္တာတိကတိုက်ရှိ    ဒုတိယဗိုလ်ချုပ်ကြီး   ရိုဒိုလ်ဖို မာ့ရှ်မာတင် အမည်ရှိ လေကြောင်းအခြေစိုက်စခန်းရှိသည့် လာ့စ်အီစထရီလာရွာ၌  တွေ့ရှိခဲ့ကြောင်း  သိရသည်။ အဆိုပါရွာတွင်   ဆာဂျင်တိုအယ်ဒီရာ   စစ်သင်္ဘော ကျောက်ချရပ်နားခဲ့သည်။

အဆိုပါ စစ်အခြေစိုက်စခန်း၌ တွေ့ရှိခဲ့သော ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆ ဦးတွင်  တပ်မတော်သား ၂၆ ဦးပါဝင်ပြီး ကျန် ၁၀ ဦးမှာ အရပ်သားအလုပ်သမားများ ဖြစ်ကြောင်း သိရသည်။  

ကိုးကား - စီအင်န်အေ

 ဘာသာပြန် - အောင်ကျော်ကျော်