ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ လေးသိန်းလေးသောင်းကျော်ရှိပြီး ၆၃၈၈ ဦး သေဆုံး

23-Nov-2020

ဒါလာ   နိုဝင်ဘာ   ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌  နိုဝင်ဘာ  ၂၂  ရက်တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားသူအသစ် ၂၀၆၀ ရှိခဲ့ပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၃၈  ဦးရှိကြောင်း၊   နိုင်ငံတစ်ဝန်းတွင်   ကိုရိုနာ ဗိုင်းရပ်စ်   စတင်ကူးစက်ဖြစ်ပွားစဉ်မှ  ယခု လက်ရှိအချိန်ထိ လူပေါင်း ၄၄၇၃၄၁ ဦး ရောဂါ ကူးစက်ခံရပြီး သေဆုံးသူဦးရေ စုစုပေါင်းမှာ ၆၃၈၈    ဦးရှိကြောင်း ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၂၂ ရက် တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင်   လွန်ခဲ့ သည့်  ၂၄  နာရီအတွင်း  ဓာတ်ခွဲစမ်းသပ်မှု အရေအတွက် ၁၃၈၇၀ အား စမ်းသပ်စစ်ဆေးမှု ပြုခဲ့သည်ဟု    တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 နိုဝင်ဘာ  ၂၂  ရက်တွင်  ရောဂါကူးစက် မှုမှ    ပြန်လည်ကျန်းမာလာသူ  ၂၀၇၆  ဦး အပါအဝင်    နိုင်ငံတစ်ဝန်းလုံး၌     ရောဂါ ကင်းစင်လာသူဦးရေပေါင်း   ၃၆၂၄၂၈ ဦး ဖြစ် ကြောင်း ယင်းဌာနက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၄၃  ရာခိုင်နှုန်းရှိပြီး   ပြန်လည်ကျန်းမာလာသည့် ဦးရေမှာ  ရောဂါဖြစ်ပွားသူစုစုပေါင်း၏     ၈၁ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ    အများဆုံးစံချိန်တင် ခဲ့သည်မှာ ဇူလိုင်  ၂  ရက်ကဖြစ်ပြီး ယင်းနေ့တွင် လူပေါင်း  ၄၀၁၉  ဦး  ကူးစက်ခံခဲ့ရသည်။  ယင်းဗိုင်းရပ်စ်ဖြင့် သေဆုံးသူဦးရေ အများဆုံး စံချိန်တင်ခဲ့သည်မှာ   ဇွန်လ   ၃၀   ရက်ဖြစ်ပြီး သေဆုံးဦးရေ ၆၄ ဦးရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဇော်ဝင်း