ဟနွိုင်း ဇန်နဝါရီ ၂
ဗီယက်နမ်နိုင်ငံ၌ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦး ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။
အဆိုပါကူးစက်ခံရသူသည် ဒီဇင်ဘာ ၂၄ ရက်က ဗြိတိန်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့စဉ် ၎င်းအား
ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ၎င်းထံ တွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံမှ စတင်တွေ့ရှိသည်ဟု ယူဆရသည့် အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ရောဂါထက် ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်မှု ပိုမိုမြန်ဆန်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံအများစုကလည်း ဗြိတိန်နိုင်ငံမှ လေကြောင်းလိုင်းများကို ပိတ်ပင်ထားကြောင်း သိရသည်။
သို့သော် ဗီယက်နမ်နိုင်ငံသည် ဗြိတိန်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရေး လေကြောင်းခရီးစဉ်ကို လက်ရှိအချိန်အထိ ပြေးဆွဲခွင့် ပြုထားသည်။
ဗီယက်နမ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်စွာချမှတ် ထားသည့်အတွက် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၈၂ ဦးရှိပြီး သေဆုံးသူ ၃၅ ဦး ရှိကြောင်း သိရသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်