တိုကျို ဒီဇင်ဘာ ၂၆
ဗြိတိန်မှပြန်လာသူငါးဦးတွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ကူးစက်ခံထားရ သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ဂျပန်နိုင်ငံရှိ လေဆိပ်နှစ်ခုတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ငါးဦးကို တွေ့ရှိခဲ့ကြောင်း နိုရီ ဟီဆာတာမူရာ က သတင်းထောက်များအား ဒီဇင်ဘာ ၂၅ ရက်က ပြောကြား လိုက်သည်။
ဂျပန်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျုက ၎င်းတို့တွင် စမ်းသပ်တွေ့ရှိခဲ့သော ကိုဗစ် - ၁၉ သည် ဗြိတိန်တွင် ပျံ့နှံ့ဖြစ်ပွားနေသော ဗီဇပြောင်း ကိုဗစ် - ၁၉ နှင့် ပုံစံတူသည်ကို တွေ့ရှိခဲ့ ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ဂျပန်ပြည်သူများ ဗီဇပြောင်း ကိုဗစ် - ၁၉ ပိုး ကူးစက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရ သည်။
လွန်ခဲ့သော သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် တိုကျို ဟာနေဒါ လေဆိပ်သို့ ရောက်ရှိလာသူနှစ်ဦးနှင့် တနင်္လာနေ့တွင် ကန်ဆိုင်း လေဆိပ်သို့ ရောက်ရှိလာသူ သုံးဦးတို့တွင် ယင်းဗီဇပြောင်း ကိုဗစ် - ၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ငါးဦးသည် အသက် ၁၀ နှစ်အောက်မှ အသက် ၆၀ ဝန်းကျင် အထိ ရှိကြောင်း သိရသည်။ လေးဦးသည် ရောဂါလက္ခဏာမပြဘဲ တစ်ဦးသည် မောပန်းနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက်က ဂျပန်အစိုးရသည် ကူးစက်မှုပြင်းထန်သည့် ဗီဇပြောင်း ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးတုံ့ပြန်ရန် ဗြိတိန် နိုင်ငံမှ ဆိုက်ရောက်လာသူများကို ယာယီတားမြစ်ပိတ်ပင်လိုက်သည်။
လေဆိပ်သီးသန့် ကန့်သတ်စောင့်ကြည့်သည့်နေရာတွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ကို တွေ့ရှိခဲ့သောကြောင့် ယင်းဗိုင်းရပ်စ်သည် ဂျပန်နိုင်ငံ အတွင်း မပျံ့နှံ့သေးဟု ယုံကြည်ကြောင်း ကူးစက်ရောဂါဆိုင်ရာအမျိုးသား အင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် ဝါကီတာတာကာဂျီက ပြောကြား လိုက်သည်။
အကယ်၍ ဗီဇပြောင်း ကိုဗစ် - ၁၉ သည် ဂျပန်နိုင်ငံတွင် စတင် ပြန့်ပွားပါက ဂျပန်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါမှာ ပိုမို ကျယ်ပြန့်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား လိုက်သည်။ အသွင်ပြောင်း ကိုဗစ် - ၁၉ သစ်နှင့် ပတ်သက်ပြီး လေ့လာ ခွဲခြမ်းစိတ်ဖြာရန်လိုကြောင်း ၎င်းက တိုက်တွန်းပြောကြားထားသည်။
အင်န်အိတ်ခ်ျကေ