ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေးမတည့်သူတချို့ရှိ

10-Dec-2020

ထိုးဆေးနဲ့ မတည့်တဲ့ ဓါတ်ခံရှိသူတွေအနေနဲ့ Pfizer နဲ့ BioNTech ကုမ္ပဏီတို့ ပူးတွဲ ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးကို မထိုးကြဖို့ဗြိတိန်နိုင်ငံက ဆေးဝါးကြီးကြပ်ရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

Pfizer နဲ့ BioNTech ကုမ္ပဏီတို့ ပူးတွဲ ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးထိုးပြီးတဲ့နောက် ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က လူနှစ်ဦး ဆေးနဲ့မတည့်တဲ့ လက္ခဏာတွေ ပြသအပြီးမှာ ဗြိတိန်နိုင်ငံရဲ့ ဆေးဝါးနဲ့ ကျန်းမာရေး ဝန်ဆောင်မှု ကုန်ပစ္စည်း ထိန်းချုပ် ကွပ်ကဲ ရေး အေဂျင်စီ (MHRA) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

ဗြိတိန် အမျိုးသား ကျန်းမာရေး ဝန်ထမ်း နှစ်ဦး ကာကွယ်ဆေး ထိုးအပြီးမှာ ကာကွယ်ဆေးနဲ့ ဆက်နွယ်နေတဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဆိုးဆိုးရွားရွား ပြခဲ့ တယ်လို့ အဲဒီ ဌာနရဲ့ ဆေးပညာ ညွှန်ကြားရေးမှူး Stephen Powis က ပြောပါတယ်။ အခုတော့ နှစ်ယောက်စလုံး ပြန်လည် ကျန်းမာလာပြီလို့လည်း သူက ပြောပါတယ်။

ဗြိတိန်နိုင်ငံက အခုလို သတိပေးချက် ထုတ်ပြန်တဲ့အပေါ် Pfizer နဲ့ BioNTech ကုမ္ပဏီတို့က ချက်ချင်း ပြန်လည် တုန့်ပြန် ပြောကြား တာ မရှိသေးပါဘူး။ ဗြိတိန်နိုင်ငံက ဒီဆေးကို ပထမအသုံးပြုခွင့်ပေးတဲ့နိုင်ငံ ဖြစ်ပြီး ပထမဆုံး ထိုးပေးတဲ့နေ့မှာ အခုလို ဓါတ်မတည့်တဲ့ လက္ခဏာ ပြသတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ဓါတ်မတည့်တဲ့ လက္ခဏာက စမ်းသပ်ကာလမှာတွေ့ရတဲ့ ဘေးထွက် ဆိုးကျိုး လက္ခဏာမျိုးမဟုတ်ဘူးလို့လည်း MHRA အမှုဆောင် အရာရှိချုပ် June Raine က ဗြိတိသျှ ပါလီမန်က ကော်မတီတစ်ခုကို အင်္ဂါနေ့ကပြောပါတယ်။ ကာကွယ်ဆေး ထိုးနှံထားသူတွေရဲ့ အခြေအနေကို MHRA က ဘယ်လို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်မလဲဆိုတာကို ဆွေးနွေးတုန်းမှာ MHRA အမှုဆောင် အရာရှိချုပ် June Raine က အခုလို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

VOA News