ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံနိုင်ခြေအလားအလာ

24-Nov-2020

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရွေးကောက်ပွဲအနိုင်ရ NLD နဲ့စစ်တပ်ကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး အလားအလာ ရှိနေပေမဲ့ ကြိုတင်သတ်မှတ် စည်းကမ်းချက်မျိုး ရှိလာမယ်ဆိုရင် တွေ့ဆုံဖို့ အခက်အခဲရှိနိုင်ကြောင်း NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရသွားတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဖက်ကြား တွေ့ဆုံမှုအလားအလာ ဘယ်လိုရှိမလဲ။

NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ဦးဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဝင်းမင်း ။. ။ အခုတခေါက်ရွေးကောက်ပွဲအပြီး ကျောက်မဲမြို့နယ်မှာ အနိုင်ရအမတ်တဦး ပစ်သတ်ခံရတာအပါအဝင် ဖြစ်လာတဲ့ထူးခြားဖြစ်စဉ်တွေကို ရွေးကောက်ပွဲအနိုင်ရအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကိုမေးရာမှာ ရွေးကောက်ပွဲအောင်ပွဲခံ မိန့်ခွန်းပြောတာကအစ ကွာသွားပြီလို့ အခုလိုစရှင်းပြပါတယ်။

ဒေါက်တာမျိုးညွန့် ။ ။NLD အောင်ပွဲမိန်းခွန်းကို ကျနော်တို့ရဲ့ ဥက္ကဌက ပြောလို့မရတော့ပါဘူး။ ရွေးကောက်ပွဲလွန်သွားရင် နိုင်ငံရေးလုပ်ခွင့်မရှိတော့ပါဘူး။ အဲဒီတော့ ကျနော်တို့ရဲ့ ဒုဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင် က ရွေးကောက်ပွဲအနှစ်ချုပ်သဘောမျိုးကို (၁၈)ရက်နေ့က ပြောလိုက်ပါပြီ။ အဲဒါကိုပဲ အောင်ပွဲမိန်းခွန်းလို့ယူဆပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံက ထူးခြားတယ်ဗျ။ ကျနော်တို့ဝန်ကြီးချုပ်တွေအထိက ပြောလို့ရတယ်။ ပြည်ထောင်စုအဆင့် ဒုဝန်ကြီးတွေကအထက်ကို ပြောလို့မရတော့ဘူး။

ဦးဝင်းမင်း ။. ။ ဒီတခေါက်NLD အောင်ပွဲကြေညာချက်ထဲမှာ ဘယ်လိုထူးခြားတာကောတွေ့မိလဲ။

ဒေါက်တာမျိုးညွန့် ။. ။ ထူးခြားတာကတော့ ကျနော်တို့အဖွဲ့ချုပ်က တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး နောင်လာမဲ့ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်လိုက်တာကတော့ ပြောလို့ရပါတယ်။

ဦးဝင်းမင်း ။. ။ အဲဒီအပေါ်မှာကော နောက်ထပ်တိုးတက်မှုတွေ ထူးခြားမှုတွေရှိလာသေးလား။

ဒေါက်တာမျိုးညွန့် ။ ။ ယျေဘူယျအားဖြင့်တော့ တိုင်းရင်းသားပါတီအများစုက လက်ခံပါတယ်။ အဓိကကတော့ ဖိတ်ခေါ်တာပဲဖြစ်ပါတယ်။ ဘယ်လိုသွားမယ်ဆိုတာကတော့ ဆွေးနွေးမှုတွေပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်တော့ သူတို့အဖို့ ထင်ရှားတဲ့ တိကျတဲ့သတင်းစကားမပါဘူးဆိုပြီး တချို့ကျတော့ ဘယ်လိုဆုံးဖြတ်ရမှန်မသိဖြစ်နေတာတော့ရှိပါတယ်။

ဦးဝင်းမင်း ။ ။ အဲဒီအပေါ်မှာကော သူတို့ကို ထပ်ဖြည့်ရှင်းပြစရာရှိသလား။

ဒေါက်တာမျိုးညွန့် ။ ။ ကျနော်တို့အတိအကျသတ်မှတ်ထားတာမရှိသေးပါဘူး။ ကျနော်တို့ဆွေးနွေးမှု ရလဒ်တွေအရပဲ ပုံဖော်ရမှာဖြစ်ပါတယ်။

ဦးဝင်းမင်း ။ ။ ဒီရက်ပိုင်းအတွင်းမှာ ထူးခြားတာကတော့ ကျောက်မဲဖြစ်စဉ်ပေါ့။ လက်ရှိစုံစမ်းစစ်ဆေးမှုတွေအရ နောင်မဖြစ်အောင် တားဆီးမှုအပိုင်းမှာရော

ဒေါက်တာမျိုးညွန့် ။. ။ အဲဒီနေရာက နဂိုလ်ကတည်းက လုံခြုံရေးအားနည်းတဲ့နေရာ ဖြစ်ပါတယ်။ ရှေးယခင်ကလည်း ဒီလိုပဲ လုပ်ကြံသတ်ဖြတ်မှုတွေအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတော့ နောင်မဖြစ်အောင်ကတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းသွားမှသာ အကောင်းဆုံးတားဆီးမှုဖြစ်ပါလိမ့်မယ်။

ဦးဝင်းမင်း ။ ။ ဒီပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် လတ်တလောလုပ်ဆောင်ဖို့ ပြင်ဆင်ထားမှု အနေအထားရော အထူးသဖြင့်တော့ (၂) နှစ်နီးပါးကြာလာတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား အပြန်အလှန်ကြေညာချက်တွေ ထုတ်တောင်းဆိုကြိုဆိုအပြီး တိုက်ပွဲတွေက စငြိမ်လာတဲ့အနေအထားမျိုးမှာ နောက်ထပ်တိုးတက်လာနိုင်ရော

ဒေါက်တာမျိုးညွန့် ။. ။ ကျနော်တို့ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက်တော့ ဘယ်လိုအဟန့်အတားမှ မရှိပါဘူး။ သို့သော်လည်း AA ဖွဲ့ကကြေညာထားတဲ့ ဖမ်းဆီးခံကိုယ်စားလှယ်လောင်းသုံးဦး ပြန်လွှတ်ရေးအတွက် ဥပဒေအရအကျဉ်းချခံရသူတွေကို ပြန်လွှတ်ပေးရေးတောင်းဆိုတာကတော့ အခက်အခဲရှိပါတယ်။ ဘာလိုဆိုတော့ ကျနော်တို့ကိုယ်စားလှယ်လောင်းသုံးဦးက ရွေးကောက်ပွဲ လုပ်ငန်းတွေကို ဥပဒေနဲ့အညီဆောင်ရွက်နေစဉ်မှာ ဓါးစာခံအနေနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဦးဝင်းမင်း ။ ။ ဒီနေရာမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ အခန်းကဏဏ္ဍတစုံတရာ အရေးပါတာပေါ့။ အဲဒီအပေါ်မှာ လက်ရှိအစိုးရအနေနဲ့ ရွေးကောက်ပွဲအပြီး တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးဖို့က ဘယ်လိုရှိမလဲ။

ဒေါက်တာမျိုးညွန့် ။. ။ ၂ဖက်စလုံးမှာလည်း တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းနိုင်တဲ့ အခွင့်အလမ်းတွေလည်းရှိတဲ့အတွက် ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေးရေး ဖြစ်နိုင်ပါတယ်။ တခုရှိတာကတော့ ဘယ်လိုပုံစံနဲ့မှဆွေးနွေးနိုင်မယ်ဆိုပြီး ကြိုတင်သတ်မှတ်ထားတဲ့ တောင်းဆိုမှု ရှိရင်တော့ တွေ့ဆုံမှုမှာ အခက်ခဲရှိနိုင်ပါတယ် ။

ဦးဝင်းမင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာမျိုးညွန့်ခင်ဗျာ။

Crd VOA News