 
                                ဂျေရုဆလင် ဇန်နဝါရီ ၂
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအချို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ၎င်းတို့၏ နိုင်ငံသားများအား အသီးသီးထိုးနှံပေးလျက်ရှိရာ အဆိုပါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်များ စတင်လျက်ရှိသည့် နိုင်ငံများအနက် အစ္စရေးနိုင်ငံသည် ကာကွယ်ဆေးထိုးပေးမှုအရေအတွက် အများဆုံးဖြင့် ဦးဆောင်လျက်ရှိကြောင်း ယနေ့သတင်း များအရ သိရသည်။
အစ္စရေးနိုင်ငံတွင် လက်ရှိအချိန်အထိ ပြည်သူ ၁၀၀   လျှင်  ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူ  ၁၁ ဒသမ ၅၅  ရာခိုင်နှုန်း၊ ဘာရိန်းနိုင်ငံတွင် ၃ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံတွင်  ၁  ဒသမ   ၄၇   ရာခိုင်နှုန်းရှိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်၏ စစ်တမ်းတစ်ရပ်အရ သိရသည်။ 
ပြင်သစ်နိုင်ငံတွင်    ဒီဇင်ဘာ   ၃၀  ရက်မတိုင်မီ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၃၈ ဦးရှိသည်။ 
အဆိုပါစစ်တမ်းတွင် ကောက်ခံထားသော စာရင်းများ မှာ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ အရေအတွက် ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မကုန်မီ ပြည်သူ သန်း ၂၀ အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ဒီဇင်ဘာ ၃၀ ရက်မတိုင်မီ ပြည်သူ ၂ ဒသမ ၇၈ သန်းသာ ကာကွယ်ဆေးထိုးနှံပေးနိုင် ခဲ့သည်။
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁ ဒသမ ၈ သန်းကျော်ရှိပြီ ဖြစ်သည်။
ကိုးကား- ဘီဘီစီ၊ ဘာသာပြန်- အောင်ကျော်ကျော်