နယူးဒေလီ ဒီဇင်ဘာ ၅
ပြီးခဲ့သည့်လက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သည့် အိန္ဒိယ နိုင်ငံ ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး အာနီးလ်ဗစ်ဂျ်သည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့တွေ့ရှိခဲ့ကြောင်း သိရသည်။
အသက် (၆၇) နှစ်အရွယ် ကျန်းမာရေးဝန်ကြီးဗစ်ဂျ်သည် Bharat Biotech ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအဆင့်စမ်းသပ်မှု အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြီးခဲ့သည့်လက ယင်းကာကွယ်ဆေးကို စမ်းသပ် ထိုးနှံခံခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဗစ်ဂျ်က ဟာရီယားနား ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခဲ့သည့် ပထမ ဦးဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာမည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန် အထိ ဟာရီယားနားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၀၈၄၁ ဦးရှိပြီး ယင်းတို့အနက် ၂၅၃၉ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။
ထို့အတူ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၆၀၉၅၇၄ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၁၃၉၇၄၅ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။