ကိုဗစ်ကာကွယ်ဆေးအတု အွန်လိုင်းပေါ် ရောင်းချမှု သတိပြုဖွယ်

06-Jan-2021

လပေါင်းများစွာကြာအောင်စောင့်ရမယ့် COVID-19 ကာကွယ်ဆေး ထိုးရမယ့် အလှည့်ကို လူတွေ သန်းနဲ့ချီ စောင့်ဆိုင်းနေချိန်မှာပဲ အင်တာနက် အွန်လိုင်းကနေ လိမ်လည်သူတွေဟာ ကာကွယ်ဆေးကို ရက်အနည်းငယ်အတွင်း ဒေါ်လာ ၁၅၀ နဲ့ ပို့ပေးနိုင်ကြောင်း အီးမေးလ်တွေ၊ ဖုန်း အက်ပလီကေးရှင်း တွေကနေ မတ်စေ့ချ်တွေ ပိုပြီး လူတွေကို ဆွဲဆောင်နေကြပါတယ်။

COVID-19 ကာကွယ်ဆေး လိမ်လည်မှုတွေ မြင့်တက်လာနေချိန်မှာပဲ၊ ဥရောပနဲ့ အမေရိကန်အစိုးရ အရာရှိတွေ အဆိုအရ ငွေကြေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ အတွက် လိမ်လည်သူတွေနဲ့ ပတ်သက်လို့ လူထုကို သတိပေးနေကြပါတယ်။

ရိုက်တာသတင်းဌာနရဲ့ စုံစမ်းမှုအရ Dark Web Forum ဆိုတဲ့ တရားမဝင် ဝက်ဘ်ဆိုင်ဒ်တွေ၊ အက်ပလီကေးရှင်းတွေကနေ COVID-19 ကာကွယ်ဆေးဆိုတာနဲ့ပတ်သက်လို့ ကွဲပြားတဲ့ ကမ်းလှမ်းချက် ခုနှစ်မျိုးကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တနင်္လာနေ့ထိ စစ်တမ်းကောက်ယူချက်အရ လူပေါင်း ၄.၅ သန်း ဟာ COVID-19 ကာကွယ်ဆေး ကို ပထမအကြိမ် အထိုးခံခဲ့ပြီးပြီလို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က ပြောကြားခဲ့ပါတယ်။ အစောပိုင်းကတော့ ၂၀၂၀ ပြည့်နှစ်အကုန်မှာ ကာကွယ်ဆေးထိုးပြီးသူပေါင်း သန်း ၂၀ ရှိရမယ်လို့ အမေရိကန် အစိုးရ က ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်နဲ့ ဆွီဒင်ဆေးကုမ္ပဏီ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို မက္ကဆီကိုနိုင်ငံက အတည်ပြု လိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Marcelo Ebrard က တနင်္လာနေ့ကသူ့ရဲ့တွစ်တာအကောင့်ကနေတဆင့် ပြောကြားရာမှာ မက္ကဆီကို နိုင်ငံမှာ AstraZeneca ကထုတ်တဲ့ ကာကွယ်ဆေးကို အစိုးရက အရေးပေါ် ခွင့်ပြုခဲ့ပြီးဖြစ်ပြီး နိုင်ငံတွင်း မကြာခင်မှာ ထုတ်လုပ်မှုတွေ စတင်တော့မယ်လို့ ဖေါ်ပြထားပါတယ်။ လက်ရှိ မက္ကဆီကိုမှာ ခွင့်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေကတော့ Pfizer-BioNTech နဲ့ အခု AstraZeneca တို့ဖြစ်ပါတယ်။

VOA News