ချင်းမိုင်မြို့ကို ထိတ်လန့်စေခဲ့တဲ့ မြန်မာနိုင်ငံကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစပ်သူ ထိုင်းနိုင်ငံသူ အမျိုးသမီးသုံးဦးဟာ ပြင်းထန်တဲ့ အရေးယူမှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောပါတယ်။
အမှတ် (၅) ဒေသ လက်ထောက်ခရိုင်ရဲချုပ် ဗိုလ်ချုပ် Prachuap Wongsuk က ပြီးခဲ့တဲ့အင်္ဂါနေ့က ချင်းမိုင်ခရိုင် Nakornping ဆေးရုံကဆင်းလာတဲ့ အမျိုးသမီးသုံးဦးဟာ သူတို့ရဲ့လုပ်ရပ်တွေနဲ့ပက်သက်ပြီး ပြန်ပြီးတာဝန်ယူဖို့အချိန်ကျပြီလို့ ပြောဆိုလိုက်တာပါ။
ဒီအမျိုးသမီးသုံးဦးဟာ မြန်မာနိင်ငံ၊ တာချီလိတ်မြို့ကနေ ချင်းရိုင်ခရိုင် မယ်ဆိုင်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းက ခိုးဝင်ခဲ့တာဖြစ်ပြီး ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့ကတော့ ဒီလိုခိုးဝင်တာမျိုး သတိပေးတဲ့အနေနဲ့ အမျိုူးသမီးသုံးဦးကို အမှုဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။
Nakornping ဆေးရုံညွှန်ကြားရေးမှုး Dr Worachet Techarak က အမျိုးသမီးသုံးဦးဟာ ဆေးရုံကနေ အိမ်ပြန်နေဖို့အဆင်သင့်ဖြစ်နေပြီး ဆက်ပြီး တခြားလူကို ရောဂါမကူးစပ်တော့ကြောင်း အတည်ပြုပြောကြားပါတယ်။
ဒီအမျိုးသမီးသုံးဦးဟာ တရာမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအပါအဝင်၊ ဒေသတွင်း အမိန့်ချိုးဖောက်မှု၊ ကိုဗစ်ကပ်ဘေးကာလအတွင်းပြဌာန်းထားတဲ့ အရေးပေါ်အမိန့်ကို ချိုးဖောက်တာမို့ပထမအမှုအတွက် အမြင့်ဆုံး ထိုင်းဘက်ငွေ ၂၀၀၀ ဒဏ်ခတ်မှာဖြစ်ပြီး ဒုတိယအမှုအတွက် အမြင့်ဆုံးထိုင်းဘက်ငွေ လေးသောင်းနဲ့ထောင်ဒဏ် ၂ နှစ်။ တတိယအမှုအတွက် ဒဏ်ငွေ ဘတ် တသိန်းနဲ့ ထောင်ဒဏ် တနှစ် ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရဲဗိုလ်ချုပ် Prachuap ကပြောပါတယ်။
ထိုင်းအစိုးရရဲ့ Covid-19 သတင်းအချက်အလက်ဌာနက အင်္ဂါနေ့က ထုတ်ပြန်ကြေညာရာမှာတော့ အီသီယိုပီးယားနိုင်ငံသူ ကိုဝန်ငါးလရှိပြီဖြစ်တဲ့ ဆေးဝန်ထမ်းတဦးအပါအဝင် လူနာသစ် ၉ ဦးတိုးကြောင်း ထုတ်ပြန်ကြေညာပါတယ်ခင်ဗျာ။
VOA News