မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုပေါင်း ၁ သိန်းကျော်လာနေတာနဲ့အမျှ ကူးစက်မှုတွေ အများဆုံး ရှိနေတဲ့ ရန်ကုန်မြို့မှာ ရောဂါထိန်းချုပ်ရေး ပိုမို သတိထားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
“အခု ကိုဗစ် ၁၉ ရဲ့ နောက်ဆုံးအေခြအအနေပြောရမယ်ဆိုရင် ရန်ကုန်တိုင်းကတော့ အထူးသတိထားရမယ်ဆိုတာ ကျမ အရင်လည်း ပြောပြီးပါပြီ။ ထပ်လောင်းပြီးတော့လည်း ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရန်ကုန်တိုင်းမှာဆိုရင် အတည်ပြုလူနာအားလုံးပေါ့၊ ဒီရောဂါစပြီးဖြစ်ကတည်းက အတည်ပြုလူနာအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ နောက်ပြီးတော့ သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းက အထူးသတိထားဖို့ လိုတယ်လို့ ကျမတို့ ထပ်တလဲလဲ ပြောတာပါ။”
ပြည်သူလူထုတွေ အနေနဲ့ ရောဂါထိန်းချုပ်ရေး စည်မျဉ်းစည်းကမ်းတွေကို ပိုမို လိုက်နာကြဖို့ နဲ့ ပြည်သေူတွ ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း ဒီရောဂါ ကူးစက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို တနင်္လာနေ့က အစီရင်ခံ တင်ပြချိန်မှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ တနင်္လာနေ့က ဓာတ်ခွဲစမ်းသပ်မှုနမူနာ ၁ သောင်း ၉ထောင်ကျော် စစ်ဆေးခဲ့တာမှာ ရောဂါ ကူးစက်သူ ၁၂၇၆ ယောက်နဲ့ သေဆုံးသူ ၂၂ ဦး တိုးလာတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် နိုင်ငံတဝှမ်း ကူးစက်သူပေါင်း ၁ သိန်းကျော်သွားပြီ ဖြစ်ပြီး သေဆုံးသူကတော့ ၂၁၀၀ ကျော် ရှိပါတယ်။ ရောဂါ စမ်းသပ် စစ်ဆေးမှုပေါင်းကတော့ တနင်္လာနေ့အထိဆိုရင် ၁ သန်း ၃ သိန်းကျော် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
VOA News
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။