လေဝင်လေထွက်ကောင်းရင် ကိုဗစ်ပိုးကူးဖို့မလွယ်

26-Dec-2020

ဆရာဝန် တစ်ယောက်ကတော့ လူတွေ သူတို့အိမ်ထဲမှာ ပြူတင်းတံခါးတွေ အလုံပိတ်ထားတယ်ဆိုတာကို ကြားရတိုင်း အတော်ကြီးကို ဒေါသထွက်မိပါတယ်လို့ ဆိုပါတယ်။

နောက်တစ်ခါ ထိပ်တန်း အင်ဂျင်နီယာတစ်ယောက်ကလည်း သူမိသားစုနဲ့ စားသောက်ဆိုင် သွားစားရင် သူက လေဝင်လေထွက်ကောင်းအောင် ဆိုင်ထဲမှာ တံခါးတွေ ပြတင်းပေါက်တွေ လိုက်ဖွင့်တော့ သူ့မိသားစုက ရှက်လို့ အပြောခံရတယ်လို့ ဆိုပါတယ်။

ဒီလူတွေဟာ ပိတ်လှောင်နေတဲ့ အခန်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပိုပြီး ကူးစက်နိုင်တယ်ဆိုတာကို စိုးရိမ်ကြတဲ့ လူတွေဖြစ်ပါတယ်။ သူတို့လို စိုးရိမ်သူတွေလည်း တိုးများနေပါပြီ။

အခုလို ဆောင်းရာသီကာလမှာ လူတွေအိမ်ထဲမှာပဲ နေပြီး စုဝေးတတ်ကြတာမို့ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေက အပြင်ဘက်က လေကောင်းလေသန့်ရဲ့ အရေးပါပုံကို လူတွေ သိရှိ ဂရုထားလာအောင် လုပ်ပေးဖို့ လိုနေပြီလို့ သူတို့တွေက တိုက်တွန်းနေကြပါတယ်။

ပြဿနာက ဘာပါလဲ

ဝေလပြည်နယ် မြောက်ပိုင်းဒေသက အထွေထွေကုဆရာဝန် အီလီယာ ဟျူးဂျ်စ်ကတော့ အစိုးရက ဆော်သြနေတဲ့ လက်ဆေး၊ လူခြား၊ မျက်နှာကာ ဆိုတဲ့ ဆောင်ပုဒ်ဟာ မလုံလောက်ဘူးလို့ ယူဆပါတယ်။

အဲဒီဆောင်ပုဒ်ကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သူ့ရဲ့ ဒေါင်းနင်းလမ်း ရုံးခန်းမှာ မီဒီယာရှင်းလင်းပွဲတွေ လုပ်တိုင်း ရပ်ပြီး ပြောတဲ့ စကားပြောစင်မှာလည်း ရေးတပ်ထားတာမို့ ထင်ထင်ရှားရှားကြီး မြင်သာပါတယ်။

ဒါပေမဲ့ ဒေါက်တာ ဟျူးဂျ်စ်ကတော့ အဲဒီဆောင်ပုဒ်က လက်ဆေး၊ လူခြား၊ မျက်နှာကာ အပြင် လေသန့် အစားထိုး ပါ ထည့်သင့်တယ်လို့ ဆိုပါတယ်။ ဒေါက်တာဟျူးဂျ်စ်ဟာ လေသန့်ရဖို့ အရေးကြီးကြောင်း လှုံ့ဆော် လှုပ်ရှားနေသူ ဖြစ်တဲ့အတွက် သူ့ကို လေသန့်ဆရာဝန်လို့တောင် တစ်စတစ်စ အသိများလာသူပါ။

အခန်းတွင်းက လေဟောင်းလေဆိုးတွေ နေရာမှာ ပြင်ပက လေသန့်တွေ ဝင်အစားထိုးလာရင် လူတွေကို ရောဂါပိုး ကူးစက်ခံရမှုကနေ အများကြီး အကာအကွယ် ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

ဝေလပြည်နယ် အန်ဂယ်ဆီကျွန်းလေးက မြို့နယ်အုပ်ချုပ်ရေးကောင်စီဟာ အဲဒီ လေးချက်ပါ ဆောင်ပုဒ်ကို ယူကေမှာ ပထမဆုံး စပြီး သုံးတဲ့မြို့နယ်လို့ ယူဆလို့ရပါတယ်။ သူတို့ မြို့နယ်ထဲမှာ ဆိုင်းဘုတ်တွေ စာတန်းတွေနဲ့ ဒီဆောင်ပုဒ်ကို ရေးတင်ထားတာ တွေ့ရပါတယ်။

အဲဒီ သတင်းစကားကို ကမ္ဘာတဝန်းမှာလည်း အာရုံစိုက်မိလာကြပါပြီလို့ ဒေါက်တာဟျူးဂျ်စ်က ပြောပါတယ်။

"ကျွန်တော်ကတော့ ဒီ ခရစ္စမတ်မှာ လေသန့်လက်ဆောင်ပေးကြပါလို့ ပဲ လူတွေကို ပြောနေပါတယ်။"

သိပ္ပံပညာရဲ့ တွေ့ရှိချက်က

ဗိုင်းရပ်စ်ကပ်ရောဂါ စဖြစ်စ အချိန်ကတော့ အာဏာပိုင်တွေက ပိုးကူးစက်နိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းတွေကို အာရုံစိုက်ခဲ့ကြပါတယ်။

တစ်ခုကတော့ ပိုးရှိနေတဲ့ မျက်နှာပြင်တစ်ခုခုကို သွားပြီး ထိမိ ကိုင်မိတာပါ၊ ဒါကြောင့်ပဲ လက်မကြာမကြာ ဆေးပါဆိုတဲ့ ညွှန်ကြားချက်ကို အခုအထိ လုပ်နေကြတာပါ။

နောက်တစ်ခုကတော့ ကိုယ့်အနီးတဝိုက်မှာ ရှိသူ တစ်ယောက်ယောက်က ချောင်းဆိုးတာ၊ နှာချေတာ လုပ်လိုက်လို့ သူ့ဆီက အစက်အမှုန်တွေ ကိုယ့်ဆီရောက်လာပြီး ကူးစက်ခံရတာပါ။ အဲဒါကြောင့် ပထမက နှစ်မီတာ (ခြောက်ပေ)အကွာ ခပ်ခွာခွာနေကြဖို့နဲ့ မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ကြဖို့ စည်းကမ်းချက်တွေ ထုတ်လာတာပါ။

နောက်ပိုင်းမှာတော့ ဗိုင်းရပ်စ်ကူးနိုင်တယ် ဆိုတဲ့ တတိယလမ်းကြောင်းကိုလည်း အခုဆို အများက လက်ခံလာကြပါပြီ။ အဲဒါကတော့ ဗိုင်းရပ်စ်ပိုးဟာ သေးငယ်လှတဲ့ အစက်အမှုန်လေးတွေနဲ့အတူ လေထဲမှာ အချိန်အတန်ကြာ ရှိနေနိုင်တယ် ဆိုတာပါပဲ။

ဒီဖြစ်နိုင်ခြေကို ယူကေအစိုးရရဲ့ ကျန်းမာရေးအကြံပေးတွေက ဒီနှစ် အစောပိုင်းလောက်မှာ ကတည်းက အသိအမှတ်ပြုခဲ့ပြီး နောက်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပါ လက်ခံခဲ့ပါတယ်။

အခုနောက်ဆုံးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန် ကျန်းမာရေးအရာရှိတွေက "ဗိုင်းရပ်စ်ပိုး ကူးစက်မှု အဓိကဖြစ်နေတဲ့ လမ်းကြောင်းဟာ" လေထဲပျံ့နေတဲ့ ပိုးပါတဲ့ အစက်အမှုန်လေးတွေကို ရှုရှိုက်မိတာကြောင့် ဖြစ်ပါတယ် ဆိုတဲ့အထိတောင် ပြောလာကြပါပြီ။

အဲဒီလို အခြေအနေမျိုးမှာ လက်ဆေးရုံ၊ ခပ်ခွာခွာနေရုံ၊ နှာခေါင်းစည်းတပ်ရုံတွေဟာ ပိုးကူးစက်ခံရမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ်လို့ ယူဆထားလို့ မရတော့ပါဘူး။

ပြတင်းပေါက်တွေ ဖွင့်ထားရင် တကယ်ပဲ အကျိုးရှိမှာလား

ကိန်းဘရစ်တက္ကသိုလ် တော်ဝင်အကယ်ဒမီ အင်ဂျင်နီယာဌာနက ပါမောက္ခ ရှောင်ဖစ်ဇဂျာရဲလ် ကတော့ အကျိုးရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့် သူ တတ်နိုင်သမျှ နေရာတိုင်းမှာ အပြင်လေတွေ ဝင်လာအောင်လုပ်ဖို့ တစ်ကိုယ်တော် လှုပ်ရှားမှုတစ်ခုကို စလုပ်နေပါတယ်။

ဒါကြောင့် သူက ရောက်တဲ့နေရာမှာ ပြတင်းတံခါးတွေလိုက်ဖွင့်ပါတယ်။ "ဆေးသုတ်ပြီး ပိတ်ထားတဲ့ တံခါးပဲ ဖြစ်ဖြစ်၊ မဖွင့်တာ နှစ်ချီကြာပြီး ဒီအတိုင်းထားတဲ့ ပြတင်းပေါက်ပဲ ဖြစ်ဖြစ်" သူက ရအောင်ဖွင့်ပါတယ် တဲ့။

"ဖွင့်လို့မရရင်တော့ ကွန်တော် အဲဒီအခန်းထဲမှာ မနေဘူး၊ ထွက်လာတာပဲ။ လေအဝင်အထွက် မရှိတဲ့ နေရာမျိုးမှာ ကျွန်တော် မနေပါဘူး။"

ဒေါက်တာ ဖစ်ဇဂျာရဲလ်ကတော့ သုတေသနပြုချက်တွေအရ အပြင်လေ ဝင်လာပြီး ဗိုင်းရပ်စ်ကို အားပျော့ ပျောက်ပြယ်သွားစေနိုင်တဲ့ အခါမျိုးမှာ ပိုးကူးစက်မှုကို ၇၀ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

သူက လက်ဆေးတာ၊ လူချင်း ခပ်ခွာခွာနေတာနဲ့ မျက်နှာနဲ့ နှာခေါင်းစည်းတပ်ဖို့ တိုက်တွန်းတာတွေကို ထောက်ခံပါတယ်။ ဒါပေမဲ့ လေကောင်းလေသန့် ရနေဖို့ ဆိုတာကလည်း စတုတ္ထ လိုအပ်ချက်အနေနဲ့ အမြဲ ရှိပါတယ်လို့ ဆိုပါတယ်။

"ဆောင်းတွင်း အအေးဒဏ်က ကျွန်တော်တို့ဆီ အသေအချာမရောက်လာသေးပါဘူး။ ဒါပေမဲ့ အခုဆိုပဲ လူတွေက အိမ်ထဲမှာအောင်းပြီး ပြတင်းတံခါးတွေကို အလုံပိတ်ထားလိုက်ကြပြီ။ ကျွန်တော်စိုးရိမ်တာ အဲဒါပါ။"

"နောက်ထပ် ကျွန်တော် အတော်ကြီး စိတ်ပူတာက အခု နောက်ဆုံးတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုး ဗီဇကွဲကို ကာကွယ်ဖို့က လေထဲမှာ အမှုန်အစက်တွေ တာရှည်ရှိနေတာကို လျှော့ချဖို့က ပိုပြီး အရေးကြီးလာတယ်၊ အဲဒီအတွက် နေရာတိုင်းဟာ လေဝင်လေထွက် ကောင်းနေဖို့ လိုပါတယ်။"

လှောင်ပိတ်နေတဲ့ အခန်းထဲက အန္တရာယ်

ဗိုင်းရပ်စ်ဟာ အခန်းတစ်ခုထဲမှာ ဘယ်လောက် ဝေးဝေးရောက်သွားနိုင်သလဲဆိုတာကို တောင်ကိုရီးယားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ မကြာသေးခင်က လုပ်ခဲ့တဲ့ သုတေသနပြုစမ်းသပ်ချက်တစ်ခုရဲ့ အဖြေကို ဒေါက်တာ ဖစ်ဇဂျရဲလ်က ထောက်ပြပါတယ်။

စီစီတီဗီရယ် ထိတွေ့မှုနောက်ယောင်ခံလိုက်တဲ့ နည်းလမ်းတွေရယ်ကို သုံးပြီး ပညာရှင်တွေက စားသောက်ဆိုင်မှာ လာစားသူတစ်ယောက်က နောက်ထပ် နှစ်ယောက်ကို ဘယ်လို ကူးစက်သွားစေခဲ့သလဲ ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီစားသောက်ဆိုင်ထဲမှာ ပိုးရှိသူက နောက်တစ်ယောက်နဲ့ လေးမီတာကျော်၊ နောက်ထပ် တစ်ယောက်နဲ့ဆို ခြောက်မီတာကျော်အဝေးမှာ ရှိခဲ့တာပါ။

ပြီးတော့ သူတို့ အားလုံး အဲဒီအခန်းတစ်ခုထဲမှာ အတူရှိခဲ့တာ မိနစ်ပိုင်းပဲ ကြာပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒီလောက် အချိန်လေးအတွင်းမှာပဲ အခန်းထဲက လေအေးပေးစက်ကနေ ဗိုင်းရပ်စ်ပိုးကို အဲဒီ အကွာအဝေးတွေဆီ ရောက်အောင် ပို့ပေးလိုက်ခဲ့ပါတယ်။

အမှုန်အစက်လေးတွေဟာ လေထဲရောက်သွားတာနဲ့ မီတာအဝေးကြီး အကွာအဝေးကို ပျံ့နှံ့ ရောက်သွားနိုင်ပါတယ်လို့ ဒေါက်တာဖစ်ဇဂျရဲလ်က ဆိုပါတယ်။

"နှစ်မီတာအကွာမှာနေလို့ ကိုယ့်ကို ကာကွယ်မပေးနိုင်ပါဘူး။ တကယ်တန်း ကာကွယ်ပေးနိုင်တာက လေဝင်လေထွက် ကောင်းနေဖို့ပါ။ အဲဒီစားသောက်ဆိုင်ထဲမှာ တံခါးတွေ ပြတင်းပေါက်တွေသာ ဖွင့်ထားခဲ့ရင် အခြေအနေတွေက တစ်မျိုး ဖြစ်သွားနိုင်ခဲ့ပါလိမ့်မယ်။"

အပြင်ကလေအေးတွေဝင်လာရင်ရော မစိုးရိမ်ရဘူးလား

လေဝင်လေထွက်ကောင်းဖို့လို့ ဆိုရာမှာ ပြူတင်းပေါက်တွေကို တစ်ချိန်လုံး အကျယ်ကြီးဖွင့်ထားရမယ်လို့ ပြောတာ မဟုတ်ပါဘူးလို့ ဒေါက်တာဖစ်ဇဂျရဲလ်က ဆိုပါတယ်။ အပြင်က လတ်ဆတ်တဲ့လေ ဝင်လာနိုင် လောက်မယ့် ပြူတင်းတံခါးကို ဟပေးထားဖို့ ဖြစ်ပါတယ်တဲ့။

လေအေးတွေဝင်လာမှာ စိုးရိမ်တယ်ဆိုရင်တော့ အဖြေက ကိုယ်ပေါ်မှာ အနွေးထည် နောက်တစ်ထပ်လောက် ဝတ်ထားပါလို့ သူက အကြံပေးပါတယ်။

"လက်ပြတ် လက်တိုလေးနဲ့ မနေနဲ့ပေါ့ဗျာ၊ ဆွယ်တာလေးတစ်ထပ်လောက်တော့ ထပ်ဝတ်ထားပေါ့။"

အဲဒါကလည်း အပူပေးစက်တွေ တစ်ချိန်လုံးဖွင့်ထားပြီး ပိုက်ဆံတွေပိုကုန်ကျ၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေမှာကို ရှောင်ဖို့ အိမ်ထဲမှာ အနွေးထည်ဝတ်နေကြဖို့က အရင်ကတည်းက လုပ်သင့်တာပါလို့ သူက ဆက်ပြောပါတယ်။

အခန်းထဲကို အပြင်လေသန့်တွေ ဝင်လာနိုင်ဖို့ တစ်နေ့ကို အချိန်နည်းနည်းစီ မိနစ်ပိုင်းလောက်ဖြစ်ဖြစ် မကြာမကြာ ပြူတင်းပေါက်တွေ ဖွင့်ပေးတာက အခန်းတွင်း အပူကိုလည်း မဆုံးရှုံးစေဘဲ လူတွေလည်း ဗိုင်းရပ်စ်ဘေးက ပိုအန္တရာယ်ကင်းစေပါတယ်လို့ ဒေါက်တာဖစ်ဇဂျရဲလ်က ပြောပါတယ်။

ဒီနှစ်အတွက် ခရစ္စမတ်လက်ဆောင် ဘာပေးရမလဲလို့ သူ့ကို မေးလာရင်တော့ သူရွေးပေးရမယ်ဆိုရင် ခန္ဓာကိုယ်နဲ့ကပ်ပြီး အောက်ခံဝတ်ရတဲ့ အနွေးပေးအထည်တွေ (thermal underwear) ပါပဲလို့ ပြောပါတယ်။

BBC Burmese