ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာရှိ ယောမင်းကြီး အိမ်ရာကို လူနာ ၁၀၀၀ ခန့် ထားရှိနိုင် မည့် ကိုဗစ်-၁၉ ကုသရေးစင်တာ အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း We Love Yangon လူထု အခြေပြုပရဟိတအဖွဲ့ထံမှ သိရသည်။
ဆောင်ရွက်ရမည်
လက်ရှိ ပြင်ဆင်ဆောင်ရွက်နေမှု အနေဖြင့် လိုအပ်ချက်များ စိစစ် ဖြည့်တင်းခြင်း၊ အခန်းတွင်း၊ အခန်း ပြင် ပတ်ဝန်းကျင်သန့်ရှင်းခြင်း၊ ခုတင်၊ မွေ့ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ ရေ၊ မီး၊ အမှိုက်ပုံးကအစ ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ လူနာထားရှိမှုအနေဖြင့် တိုင်းဒေသကြီးအစိုးရနှင့် တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း We Love Hlaingtharyar ပရဟိတအဖွဲ့ တာဝန်ခံ ကိုတင်ဇော်ထွေးက ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း စာသင်ကျောင်းများကို မဲရုံများ ပြုလုပ်မှုကြောင့် အဆိုပါကျောင်းများရှိ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများကို ယောမင်းကြီးအိမ်ရာသို့ ယာယီပြောင်းရွှေ့ထားရှိခဲ့ပြီး ယခုအခါတွင် ယင်းစောင့်ကြည့်လူနာများကို စာသင်ကျောင်းများသို့ ပြန်လည်ပြောင်းရွှေ့၍ ယောမင်းကြီးအိမ်ရာကို ကိုဗစ်အတည်ပြုလူနာများထားရှိနိုင်ရန် ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမလှိုင်းတုန်းက ဖောင်ကြီးမှာ ပြင်ဆင်ထားတယ်၊ ဒုတိယလှိုင်းမှာ ပြည့်သွားတယ်။ နောက်ပိုင်း မလောက်တော့ အခြားဆေးရုံတွေ ထပ်လုပ်ရတယ်။ အခုလို တိုင်းဒေသကြီးအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။ နောက်ပြီး လှိုင်သာယာက လူဦးရေသိပ်သည်းမှုလည်းများတဲ့နေရာဖြစ်တော့ အခုလို ပြင်ဆင်ထားတာမမှားဘူး။ လုံးဝလိုအပ်တယ်လို့ ထင်ပါတယ်”ဟု ကိုတင်ဇော်ထွေးက ပြောသည်။
ယောမင်းကြီးအိမ်ရာတွင် လူနာများစတင်ထားရှိပါက We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် လူနာများ၏ လိုအပ်ချက်၊ ဆရာဝန်များ၏ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းပရဟိတ အဖွဲ့ထံမှ သိရသည်။
အဆိုပါ ယောမင်းကြီးအိမ်ရာ ကိုဗစ်-၁၉ ကုသရေးစင်တာကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ခရိုင်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ပံ့ပိုးမှုနှင့်အတူ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့က ဝိုင်းဝန်းကူညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးမင်းသူ