ရန်ကုန် ဒီဇင်ဘာ ၇
ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံသို့ ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူများအား ဝင်ရောက်ခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှ သိရသည်။
“ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မနက်က ပိတ်လိုက်တာပါ” ဟု ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန (ဌာနမှူး) ဦးကိုကို လင်းက ပြောကြားသည်။
ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံလမ်းတွင် ကိုဗစ်-၁၉ ရောဂါ တားဆီးထိန်းချုပ်ဆဲ ကာလဖြစ်သည့်အတွက် ဈေးမရောင်းရကာလအဖြစ် သတ်မှတ်ထားသော်လည်း တန်ဆောင်မုန်းလပြည့်ညမှ စတင်ကာ လူစုလူဝေး တဖြည်းဖြည်း များပြားလာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကျန်းမာရေးဆိုင်ရာအသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် မဟာဗန္ဓုလ ပန်းခြံသို့ လာရောက်သူပိုမိုများပြားလာခဲ့ပြီး မဟာဗန္ဓုလ ပန်းခြံလမ်းအတွင်း၌ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ကာ ထိုင်စားသူများပါ ရှိလာခဲ့သည့်အပြင် ပန်းခြံ အတွင်း၌ပါ ဝင်ရောက်ဈေးရောင်းချခြင်းမျိုး ရှိလာကြောင်း ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြော သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုက်လံစစ်ဆေးရာတွင် အင်းလျားကန်ပေါင် တစ်လျှောက်နှင့် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတို့တွင် ဝိုင်းဖွဲ့ စားသောက်နေမှုများ၊ အရက်သေစာ သောက်စားနေမှုများကို စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မဟာဗန္ဓုလပန်းခြံအတွင်း လူစု လူဝေးမဖြစ်ပေါ်စေရန် လူများဝင်ရောက်မှုမရှိစေရေး အတွက် ကန့်သတ်ထားပြီး အင်းလျားကန်ပေါင်တစ်လျှောက် နှင့် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတို့ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ပန်းခြံတာဝန်ခံတို့က လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - အာကာစိုး
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။