သူ့ကို မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ အနေဖြင့်သာမက စာရေးဆရာ၊ ကဗျာဆရာ ဝင်းသူရအဖြစ်လည်း မြန်မာနိုင်ငံတွင်း စာပေ လောကသားများနှင့် စာအုပ်စာပေ ဝါသနာရှင်များ က သိကြသည်။
ဆရာဝင်းသူရက ဝတ္ထုတို၊ ဝတ္ထုရှည်များ၊ ကဗျာများရေးသည်။ နာမည်ကျော် မဂ္ဂဇင်းကြီး များတွင် အယ်ဒီတာတာဝန်များ ယူခဲ့သည်။ ဆရာဦးဝင်းခက်၏ ပန်မဂ္ဂဇင်း ဝိုင်းတော်သား၊ ကလျာမဂ္ဂဇင်း၊ မြားနတ်မောင် မဂ္ဂဇင်းတို့တွင် အမှုဆောင်အယ်ဒီတာ၊ နောင်တွင် မဟေသီ မဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာတို့အဖြစ် လည်း ကောင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဆရာ့အယ်ဒီတာသက်တမ်းမှာ ငွေရတုကျော်ခဲ့ပြီ ဖြစ်၏။
ဆရာဝင်းသူရကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ (အင်္ဂါနေ့)က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်းရှိ ဗျိုင်းကဇီးကျေးရွာတွင် မွေးဖွားသည်။ ဖခင်မှာ ကျောင်းဆရာ ဦးချစ်၊ မိခင်မှာ ဒေါ်သိန်းရှင် ဖြစ်၏။ မွေးချင်း ရှစ်ဦးရှိကာ ဆရာက ဒုတိယသားဖြစ်ပြီး အမည်ရင်းမှာ ဦးစိန်ဝင်း ဖြစ်၏။
ငယ်စဉ်က ဗျိုင်းကဇီးကျေးရွာမူလတန်း ကျောင်း၌ ပညာသင်၊ နောက်ဖျာပုံမြို့ အမှတ် (၁) အထက်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ကြား ပြီး ထိုကျောင်းမှပင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ အသက်နှစ်ဆယ်ကျော်အရွယ် ၁၉၆၈ ကာလကစ၍ ချိုတေးသံ၊ ချိုတေးရှင်၊ ဟာသ၊ အချစ်တော် စာစောင်များတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၇၁ မေလထုတ် ငွေတာရီမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သော “ပိုက်ရုံဆိပ်” မှာ ဝင်းသူရ ကလောင်အမည် စတင်ခံယူခဲ့သော ပထမဆုံးမဂ္ဂဇင်းဝတ္ထုရှည် ဖြစ် သည်။
မြဝတီ၊ သွေးသောက်၊ စစ်ပြန်၊ ရွှေဝတ်မှုံ၊ စာပေလုပ်သား၊ မဟေသီ၊ ပန်စသည့်မဂ္ဂဇင်းကြီး များတွင် ဆရာရေးသားခဲ့သည့် ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ကဗျာများစွာကို ပုံနှိပ်ဖော်ပြခဲ့ပါသည်။ မဂ္ဂဇင်းဝတ္ထုရှည် ၁၅ ပုဒ်၊ ဝတ္ထုတို ၃၀၀ ကျော်နှင့် ကဗျာ ၅၀၀ ကျော် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
လွန်ခဲ့သော အောက်တိုဘာ ၁၁ ရက်က ဆရာဝင်းသူရသည် နှလုံးခုန်မမှန်ဟု ခံစားရသည့် အတွက် အထူးကုဆေးခန်းသို့ သွားရောက်ပြသခဲ့ ကာ အိမ်တွင် အနားယူနေထိုင်ခဲ့ပါသည်။ အိမ် တွင် နေထိုင်ရင်း မောပန်းလာသောကြောင့် အောက်တိုဘာ ၁၃ ရက်တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တက်ရောက် ကုသခံခဲ့၏။ ဆေးရုံက စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရ သည်ဟု တွေ့ရှိရသည့်အတွက် အောက်တိုဘာ ၁၈ ရက်တွင် ဖောင်ကြီးကိုဗစ်ကုသရေးဌာနသို့ ပို့ဆောင်ကာ ဆက်လက်ကုသခဲ့သည်။
ထိုသို့ ဆေးကုသမှုခံယူခဲ့သော်လည်း နဂို နှလုံးရောဂါအခံနှင့် အဆုတ်အားနည်းနေမှု တို့ကြောင့် မရဏကို ဆက်လက်အန်မတုနိုင်တော့ ပါ။ ဆရာ အသက် ၇၄ နှစ်အရွယ်၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက် (သောကြာနေ့) နံနက် ၆ နာရီ ၁၀ မိနစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။
ဆရာဝင်းသူရသည် အိမ်အမှတ် ၉၇၇ (ခ)၊ ချမ်းမြသာစည် လမ်း၊ ၅၆ ရပ်ကွက်၊ ဒဂုံမြို့သစ် တောင်ပိုင်းတွင် နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးစာရေးဆရာမဖြစ်သူ ဒေါ်ကြည်ကြည်အေး ကလောင်အမည် သဇင်အေး (ချယ်ရီမြေ)၊ သမီး များဖြစ်သည့် ဒေါ်ကေသီဝင်းသူရ၊ ဒေါ်ဥမ္မာဝင်း သူရ၊ ဒေါ်သန္တာဝင်းသူရ၊ ဒေါ်ကလျာဝင်းသူရ (ကလျာငြိမ်းစံ)၊ ဒေါ်ဇွန်ပွင့်ဖြူတို့နှင့် သား ဦးဝေယံ အောင်၊ မြေး ၁၄ ယောက်၊ မြစ် သုံးယောက်တို့ ကျန်ရစ်ခဲ့ပါသည်။
ဆရာဝင်းသူရ ကွယ်လွန်သွားခြင်းသည် မြန်မာစာပေနယ်အတွက် တာဝန်ကျေသော အယ်ဒီတာ၊ အရေးအဖွဲ့ကောင်းသော စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်ပါသည်။ မြန်မာစာပေလောကက ဆရာ့ကို ဝမ်းနည်းခြင်း များဖြင့် အမှတ်ရနေကြမည်ဖြစ်ပါသည်။
သတင်းပိုး