မွေးကင်းစကလေးငယ်အား အမှိုက်ပုံးအတွင်း စွန့်ပစ်ခဲ့သည့် မိခင်အား ထောင်ဒဏ်ချမှတ်

06-Nov-2020

စင်ကာပူ နိုဝင်ဘာ ၅

စင်ကာပူနိုင်ငံ၌  အိမ်အကူအဖြစ် လုပ်ကိုင်နေသူ အင်ဒိုနီးရှားအမျိုးသမီးအား  မိမိ၏ မွေးကင်းစကလေးငယ်ကို အမှိုက်ပုံးအတွင်း   စွန့်ပစ်ခဲ့မှုဖြင့်  စင်ကာပူ တရားရုံးက   ယနေ့တွင်  ထောင်ဒဏ်ချမှတ်လိုက်သည်။  အသက်( ၂၉)နှစ်အရွယ် အမျိုးသမီးကို  ကလေးငယ်မှတ်ပုံတင်ရေး ဥပဒေအရ ထောင်ဒဏ်ငါးလချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဇူလိုင်  ၂၇  ရက်  ညပိုင်းက    ၎င်းအလုပ်လုပ်ကိုင်နေသည့်    နေအိမ် အိမ်သာမှာပင်    ကလေးငယ်ကို   မွေးဖွားခဲ့ပြီး   ကိုယ်တိုင်ပင်ချက်ကြိုးဖြတ် သန့်စင်ပေးကာ    အဝတ်ဖြင့်ထုပ်ပိုးပြီး   အိမ်ရှင်များမနိုးမီ   နီးစပ်ရာ  အိမ် တစ်အိမ်ရှေ့ အမှိုက်ပုံးအတွင်း သွားရောက် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။  အမျိုးသမီး မှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေစဉ် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ရခဲ့ကာ ၎င်းတို့နှစ်ဦး ပြတ်စဲပြီးမှသာ  ကိုယ်ဝန်ရှိနေသည်ကို သိရသဖြင့် ကလေးအား စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်လဲချက်တင်ခဲ့သည်။

ထို့ပြင် အမျိုးသမီးက ၎င်းအနေဖြင့် ကလေးငယ်အား နာကျင်စေလိုသည့် ဆန္ဒမရှိသလို  အသက်သေဆုံးစေလိုသည့် ဆန္ဒမရှိခဲ့ဘဲ တစ်စုံတစ်ဦးက မွေးစားစေလိုသည့် ရည်ရွယ်ချက်သာ ရှိခဲ့ကြောင်း  တရားရုံးတွင် ထွက်ဆိုခဲ့သည်။

စင်ကာပူနိုင်ငံ၌  အသက် ၁၂  နှစ်အောက်  ကလေးငယ်တစ်ဦးကို  စွန့်ပစ် ပါက   ထောင်ဒဏ်ခုနစ်နှစ်နှင့်  ငွေဒဏ်နှစ်ရပ်လုံး  ချမှတ်ခံရမည့်   ဥပဒေရှိ သော်လည်း    ယင်းအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ကြောင်း ၎င်း၏ ရှေ့နေက လျှောက်လဲချက်ပေးခဲ့၍   ထောင်ဒဏ်ငါးလသာ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ပြစ်ဒဏ်မှ  ရမန်ယူရက်ကို  ထုတ်နုတ်ခံစားခွင့်ပြုခဲ့သဖြင့် ထောင်တွင်း နှစ်လသာ ဆက်လက်ကျခံရမည်ဖြစ်သည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်-မေလဲ့သင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။