မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကျင်းပနိုင်ရန် ပြိုင်ပွဲပုံစံနှစ်မျိုးဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

30-Nov-2020

ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို လာမည့်နှစ်တွင် ကျင်းပ နိုင်ရန် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲပုံစံ နှစ်မျိုး ဖြင့် စီစဉ်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဦးစားပေးစီစဉ်ထား

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါ ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ လာမည့်နှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး အခြားပြိုင်ပွဲ များကို ဖျက်သိမ်းခဲ့သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တွင် ထပ်မံအတည် ပြုခဲ့ပြီး ပြိုင်ပွဲရွှေ့ဆိုင်းရခြင်းမဖြစ်ပေါ်စေရန် ပြိုင်ပွဲပုံစံ နှစ်မျိုးဖြင့် စီစဉ်ထားခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ ချုပ်သည် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်းကျင်းပရန် ဦးစားပေး စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာ ရန် ခက်ခဲပါက ပွဲစဉ်အားလုံးကို တစ်နိုင်ငံ သို့မဟုတ်

နှစ်နိုင်ငံတွင် ကျင်းပမည့် ဒုတိယဦးစားပေးပုံစံကိုလည်း လျာထားခြင်းဖြစ်သည်။ ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များကိုပါ အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်ခြင်းမရှိတော့ဘဲ ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲအား အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို ပုံမှန်အရ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို ၁၂ ကြိမ်ကျင်းပပြီးစီးထားပြီး ထိုင်းအသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ထိုင်းအသင်းနောက်တွင် စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်း က တစ်ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းမှာမူ အမြင့်ဆုံးရပ်တည်မှုအဖြစ် ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ကြိမ်တိုင် တက်ရောက်နိုင်ခဲ့သည်။

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - စိုးညွန့်