ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အားပြင်းတဲ့ မုန်တိုင်းတစ်ခု ဗီယက်နမ်နိုင်ငံကို ဦးတည်လာနေတာကြောင့် လူပေါင်း ထောင်သောင်းချီ သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာခဲ့ကြရပါတယ်။။
တိုက်ဖွန်း ဗန်ကိုဟာ တနင်္ဂနွေနေ့မှာ ဗီယက်နမ်နိုင်ငံ အရှေ့ပိုင်း ကုန်တွင်းပိုင်း ဝင်ရောက်မယ်လို့ မှန်းဆထားကြပါတယ်။
ဒါကြောင့် လေဆိပ်တွေ၊ ပင်လယ်ကမ်းခြေတွေကို ပိတ်ထားပြီး နိုင်ငံတွင်းမှာ တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းအထိ လေတိုက်ခတ်နိုင်တာကြောင့် ငါးဖမ်းသမားတွေကိုလည်း ကုန်းတွင်းပိုင်း ပြန်လာကြဖို့ ညွှန်ကြားထားပါတယ်။
ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းမှာ ရေကြီး မြေပြိုမှုတွေ ရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တိုက်ဖွန်း ဗန်ကိုဝင်တိုက်ခဲ့ပြီးနောက်ပိုင်း လူ ၄၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၂၀ ပျောက်ဆုံးနေပါတယ်။
၇ နှစ်အတွင်း အားအကောင်းဆုံး မုန်တိုင်းဖြစ်တဲ့ တိုက်ဖွန်း ဂိုနီ ဝင်တိုက်ပြီး တစ်ပတ်အကြာမှာ အခုလို နောက်တကြိမ် မုန်တိုင်းဒဏ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ နိုင်ငံအလယ်ပိုင်း ပြည်နယ် ၄ ပြည်နယ်က လူထောင်နဲ့ချီကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဗီယက်နမ်နိုင်ငံမှာ မုန်တိုင်းတွေ ဆက်တိုက်ဝင်ခဲ့ပြီး ပြီးခဲ့တဲ့လက မိုးကြီးမှုတွေနောက်ပိုင်း ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီမှာ လူနေအိမ်ပေါင်း လေးသိန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့တွေက ပြောပါတယ်။
ဆိုးဝါးတဲ့ ရာသီဥတုကြောင့် လမ်းတွေ၊ တံတားတွေ ပျက်စီးခဲ့သလို အစားအသောက် အထောက်အပံ့တွေနဲ့ သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
"ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ နေထိုင်ကြတဲ့ လူ ၈ သန်းကျော်အတွက် ဘေးကင်းလုံခြုံမှုမရှိဘူး" လို့ ဗီယက်နမ်နိုင်ငံ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းဌာနမှာ ရေးသားထားပါတယ်။
"သူတို့ရဲ့ ဘ၀တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြန်လည်ပျိုးထောင်ဖို့ စတင်တဲ့ အချိန်တိုင်း နောက်ထပ် မုန်တိုင်းဒဏ် ထပ်ခံခဲ့ရတယ်"လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ ကြုံခဲ့ရတဲ့ လူပေါင်း ၃၄၀၀၀၀ ကျော်ကို ကူညီကယ်ဆယ်ဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို စနေနေ့က နိုင်ငံ အရှေ့မြောက်ပိုင်းကို စေလွှတ်ခဲ့ပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်း လူဇွန်ကျွန်းက ကာဂတ်ယမ်းမြစ်မှာ ရေစီးသန်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေအနေနဲ့ ခေါင်းမိုးတွေပေါ်မှာ ပိတ်မိနေတဲ့ လူရာနဲ့ချီဆီကို မရောက်နိုင်သေးဘူးလို့ ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးရုံးအဖွဲ့ ပြောခွင့်ရသူက AFP သတင်းဌာနကို ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အပူပိုင်းမုန်တိုင်းတွေနဲ့ တိုက်ဖွန်းမုန်တိုင်းတွေဒဏ် ခံရလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် မုန်တိုင်းမဝင်ခင် ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ နှောင့်နှေးခဲ့ရပါတယ်။
Crd BBC News