ဖိလစ်ပိုင်နိုင်ငံက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံ ၁၉ နိုင်ငံမှခရီးသွားများဝင်ရောက်လာမှုကို ပိတ်ပင်မည်

30-Dec-2020

မနီလာ ဒီဇင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံသည် ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အတွက် နိုင်ငံ ၁၉ နိုင်ငံမှ ခရီးသွားများ ဝင်ရောက်လာမှုကို ဇန်နဝါရီလလယ်ပိုင်းအထိ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံ ၁၉ နိုင်ငံမှ ခရီးသွားများ ဝင်ရောက်လာမှုနှင့်စပ်လျဉ်းသည့် ပိတ်ပင်မှု ဆိုင်ရာ စည်းမျဉ်းများသည် ဒီဇင်ဘာ ၂၉ ရက် မှ ဇန်နဝါရီ ၁၅ ရက်အထိ သက်ရောက်မှုရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗြိတိန်နိုင်ငံ၌ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ပြီး နောက် ပြည်ပခရီးသွားဝင်ရောက်မှုနှင့် စပ်လျဉ်း၍ ဗြိတိန်နိုင်ငံမှ ဝင်ရောက်လာသူများ ကိုသာ ဇန်နဝါရီ ၁၅ ရက်အထိ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံက နိုင်ငံအတွင်း ဝင်ရောက် ခွင့်ပိတ်ပင်ထားသည့် နိုင်ငံများစာရင်းတွင် ပြင်သစ်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ တောင်အာဖရိက၊ စင်ကာပူ၊ ဂျပန်တို့အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိကြောင်းလည်း သိရ သည်။ ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၇၀၀၀၀ နှင့် သေဆုံးသူ ၉၁၂၄ ဦးရှိခဲ့ကာ အရှေ့တောင် အာရှတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုတွင် အင်ဒိုနီးရှားနိုင်ငံပြီးနောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း လည်း သိရသည်။

ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး ကာလနောက်ပိုင်းတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို တားဆီး ကာကွယ်ရန် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဇန်နဝါရီလကုန်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်