ဖျက်သိမ်း မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပရေး တိုင်းရင်းသားပါတီတွေ ကြိုဆို

14-Nov-2020

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွင်း ပယ်ဖျက် ချန်လှပ်ထားခဲ့တဲ့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ အစိုးရက ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့ ပြောဆိုလိုက်တဲ့အကြောင်းကို ကို ဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ မရှိတာကြောင့်ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြောင်းပြချက်နဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ရခိုင်၊ ရှမ်း ၊ ကချင်၊ ကရင်နဲ့မွန်ုပြည်နယ်ထဲက ဒေသတချို့မှာ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။

ဘာကြောင့် တရားမျှတမှု မရှိနိုင်ဘူးလဲ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က ရှင်းမပြခဲ့ပေမယ့် လေ့လာသုံးသပ်သူတွေကတော့ လုံခြုံရေး အာမခံချက် မရှိနိုင်ဘူးဆိုတဲ့ တပ်မတော်ရဲ့အကြံပြုချက် အပေါ်အခြေခံပြီး ရွေးကောက်ပွဲ မလုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

အခုတော့ တိုက်ပွဲ အများဆုံးဖြစ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ပယ်ဖျက် ချန်လှပ် ထားခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီဇင်ဘာလ မကုန်ခင် ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးဖို့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသလို၊ အစိုးရ စစ်တပ် ဘက်ကလည်း AA ရဲ့တောင်းဆိုမှု အပေါ် ကြိုဆိုကြောင်းနဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တရက်ထဲမှာ ကြေညာချက် ထုတ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲက ကျန်လပ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိကြောင်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးသာထွန်းလှက VOA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်က (၁၇)မြို့နယ်လုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်လောက်တဲ့ မြို့နယ်ဆိုတာ မရှိဘူးလို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် တိုက်ပွဲ ဆိုတာကလည်း မြို့နယ်တမြို့နယ်က နေရာစုံမှာ တိုက်ပွဲ ဖြစ်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်လို့ရနိုင်တဲ့ အခင်းအကျင်းရှိနေတာ အမှန်ပဲ။ ကျနော်တို့ပါတီကတော့ အဲဒီ မြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီးသားဆိုတော့ တကယ်လို့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပမယ်ဆိုရင် ကျနော်တို့ ANP က ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိပါတယ်။”

အလားတူ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း ပြောလာသူက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စိုင်းမျိုးဇင် ဖြစ်ပါတယ်။

“ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ ပယ်ဖျက်ခံရတဲ့ နေရာတတွေက ကျနော်တို့ပါတီ စိုးမိုးခဲ့တဲ့ နေရာတွေလို့တောင် ပြောလို့ ရပါတယ်။ ကျနော်တို့အနေနဲ့ နစ်နာခဲ့တယ်လို့ ဆိုလို့ရပါတယ်။ အဲလိုဆိုတော့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ မျှော်လင့်ချက် ထားတာပေါ့နော်။ အထူးသဖြင့်တော့ မိုင်းကိုင်မြို့နယ်ပေါ့ ။ မိုင်းကိုင်ဆိုရင် ဘာမှလည်း စစ်ပွဲ ဖြစ်နေတဲ့အနေအထား မဟုတ်ဘူး။ ခုလောလောဆယ်မှာ လုံခြုံရေးအရ ဘာပြဿနာမှလည်း မရှိဘူးဗျ။ အဲဒီတော့ မိုင်းကိုင်လို မြို့နယ်မျိုးမှာ ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပရသလဲဆိုတာကို ကျနော်တို့ ပါတီဗဟိုဌာနချုပ်ကလည်း ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ကျနော့် တဦးတည်းသော သဘောအရ ပြောရရင် ရှမ်းပြည်နယ်မှာ ပယ်ဖျက်ခဲ့တဲ့ ရွေးကောက်ပွဲ နယ်မြေ တွေပေါ့ အဲဒီမှာသာ ပြန်ကျင်းပမယ်ဆိုရင် ကြိုဆိုတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

အဲဒီလို ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးနိုင်မယ်ဆိုရင် ပြည်သူတွေ မဲပေးပိုင်ခွင့်ကို အလေးထားရာ ရောက်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုဥက္ကဌ ဦးဂွမ်ဂရမ် အောင်ခမ်းက မြင်ပါတယ်။

“ ဒီ ရခိုင်နဲ့ ရှမ်းမှာ လစ်လပ်နေတဲ့ နေရာတွေ ၊ ရပ်စဲနေတဲ့ နေရာတွေကို အစိုးရက ပြန်ပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပသင့်တယ်ဆိုတဲ့ ဟာကို ကျနော်တို့ ပြောလိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆို ကြိုဆိုပါတယ်။ ဒီ ပယ်ဖျက်တဲ့ မြို့နယ်တွေ ၊ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ နေရာတွေက ပြည်သူလူထု တွေဟာလည်း မဲဆန္ဒ ပေးပိုင်ခွင့်ရှိတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်ဆိုရင် ပိုပြီးတော့မှ သင့်တော်မယ်။ နောက်တချက်က ဒီ AA တပ်ဖွဲ့ ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပစေချင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဆွေးနွေး တိုင်ပင်ပြီးမှ ပြုလုပ်သွားရင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအတွက် အလွန်တရာမှ အကျိုးပြုနိုင်လိမ့်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”

ကချင်ပြည်နယ်မှာတော့ (၁၈) မြို့နယ်ရှိတဲ့ထဲက တချို့သော ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပေမယ့် မြို့နယ်တိုင်းလိုလိုမှာ ပြည်သူအများစု မဲပေးနိုင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ (၁၇)မြို့နယ် ရှိတဲ့အနက် မြို့နယ် (၉)ခုမှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့သလို၊ မြို့နယ်ခွဲပေါင်း (၅၅)ခု ကျော်ရှိတဲ့ ရှမ်းပြည်နယ်မှာဆိုရင်လည်း (၆) မြို့နယ်မှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

Crd VOA News