ဆွီဒင်ကပေးတဲ့ လူ့အခွင့်အရေးဆု နော်အုန်းလှ ရရှိ

10-Dec-2020

ရန်ကုန်အခြေစိုက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့က သူတို့အဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှ နိုင်ငံတကာဆု ရရှိတယ်လို့ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်လှုပ်ရှားသူများ (Civil Rights Defenders) အဖွဲ့က ပေးအပ်တဲ့ ၂၀၂၀ ပြည့်နှစ် နိုင်ငံသားအခွင့်အရေးများအတွက် ကာကွယ်လှုပ်ရှားသူဆု (Civil Rights Defenders of the Year Award) ဖြစ်တယ်လို့ သိရပါတယ်။

နှစ် ၃၀ ကြာ နိုင်ငံသားအခွင့်အရေးတွေကို ဆောင်ရွက်ခဲ့တာကြောင့် ရရှိလာတဲ့ ဒီဆုအတွက် ဝမ်းသာပျော်ရွင်ရပြီး အခုထက်ပိုပြီး လုပ်နိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေတယ်လို့ ဆုရှိတဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်နော်အုန်းလှ က RFA ကို ပြောပါတယ်။

လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလဖြစ်တဲ့အတွက်ဆုကို သွားရောက်လက်ခံ ယူနိုင်ခြင်း မရှိသေးပါဘူး။

လာမယ့် ၂၀၂၁ အတွက် ဆုပေးတဲ့ အခမ်းအနားမှာ သွားယူနိုင်မယ်လို့ သူက ဆိုပါတယ်။

ဆုပေးတဲ့ Civil Rights Defenders အဖွဲ့ဟာ ဒီဆုကို ၂၀၁၃ ခုနှစ်ကစတင်ပြီး နှစ်စဉ်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၃ မှာ ဆားဗီးယား၊ ၂၀၁၄ မှာ ဗယ်လာရုစ်၊ ၂၀၁၅ မှာ ဗီယက်နမ်၊ ၂၀၁၆ မှာ အဆာဘိုင်ဂျန်၊ ၂၀၁၇ မှာ တောင်ဆူဒန်၊ ၂၀၁၈ မှာ တူရကီ၊ ၂၀၁၉ မှာ ဟန်ဂေရီနိုင်ငံတို့က လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရရှိခဲ့ပါတယ်။

RFA Burmese