စစ်ကိုင်းတိုင်းအတွင်းက မြို့ကြီးတွေမှာ မလိုအပ်ဘဲအပြင်မထွက်ရအမိန့်ထုတ်

11-Dec-2020

ကိုဗစ်ရောဂါဆက်ဖြစ်နေတဲ့မြန်မာနိုင်ငံက စစ်ကိုင်းတိုင်းမှာလည်း ပိုးတွေ့သူစများလာတာကြောင့် အများဆုံးဖြစ်တဲ့ ကလေးမြို့နယ်နဲ့၊ နောက် စစ်ကိုင်းနဲ့ ရွေဘိုမြို့နယ်တွေမှာပါ တာဝန်အရ မဖြစ်မနေ အပြင်ထွက်ရတာမျိုးနဲ့ အရေးပေါ် အခြေအနေတွေကလွဲလို့ အိမ်မှာဘဲ နေကြဖို့ ပထမဆုံးအကြိမ်အဖြစ် သွားလာမှု ကန့်သတ်မှုကို ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ခုလိုအမိန့်ထုတ်ပြန်ရာမှာ ကလေးမြို့နယ်မှာ ခုချိန်ထိ စုစုပေါင်း ပိုးတွေ့သူ ၂၄၇ ဦး၊ စစ်ကိုင်းမြို့မှာ ၂၀၂ ဦးနဲ့ ရွေဘိုမြို့မှာ ၁၂၆ ဦးရှိလာကာ ကူးစက်မူများလာတာကြောင့် ထိန်းချုပ်နိုင်ဖို့ လုပ်ရတာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင်ကလည်း မြန်မာတနိုင်ငံလုံးက အဖြစ်များနေတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ မွန်၊ ကချင်အပြင်၊ အဖြစ်များခဲ့တဲ့ ရခိုင်ပြည်နယ်တို့က မြို့နယ်ပေါင်း ၇၀ ကျော်မှာ အလားတူ အိမ်မှာနေဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုစစ်ကိုင်းတိုင်းက အိမ်မှာနေရေးအမိန့်မှာလည်း မရှိမဖြစ်အလုပ်တွေဖြစ်တဲ့ ဘဏ်၊ ငွေကြေး၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ ရေသန့်၊ ဆက်သွယ်ရေးလုပ်ငန်းတွေမှအပ ကျန်တာအားလုံးကို ပိတ်ပင်လိုက်ပြီး၊ အပြင်ထွက်ခွင့်ကတ်ပြားတွေ ထုတ်ယူကြဖို့နဲ့ ဈေးကိုလည်း မနက် ၆ နာရီကနေ ၁၂ နာရီအထိသာ ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဈေးသွားခွင့်နဲ့ ဆေးရုံဆေခန်းသွားခွင့်ပြုထားတဲ့ ဒီအမိန့်ထဲမှာပဲ ဈေးသည်တွေအနေနဲ့တော့ ပါးစပ်နဲ့ နှာခေါင်းစည်း၊ နောက် Face-Shield၊ လက်အိပ်တွေ တပ်ကြဖို့နဲ့ မလိုက်နာသူတွေကို အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့ ကြာသပတေးနေ့က ပိုးတွေ့သူသစ် ၁,၃၂၁ ဦးနဲ့၊ သေဆုံးသူ ၂၇ ထပ်တိုးခဲ့တာကြောင့် စုစုပေါင်းပိုးတွေ့သူ ၁၀၄,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၂,၂၀၁ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည (၈) နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအအပြင် ဗုဒ္ဓဟုးနေ့က ပိုးတွေ့သူစုစုပေါင်း ၁၄၂၇ ဦးမှာ၊ ထုံးစံအတိုင်း ပထမဆုံးအများဆုံးအဖြစ် ၇၇၆ ဦးတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းပြီးလျှင်၊ ၃၀၄ ဦး မန္တလေးတိုင်းက ဒုတိယ၊ ၁၀၀ တွေ့ခဲ့တဲ့ ဧရာဝတီတိုင်းက တတိယနဲ့၊ စစ်ကိုင်းတိုင်းကတော့ ပဲခူးနဲ့ မကွေးပြီးလျှင်၊ ဆဌမအဆင့်မှာ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာလည်း ဖားကန့်အပါအဝင် ကူးစက်မှုတိုးလာတာကြောင့် သွားလာကန့်သတ်မူတွေ၊ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ ဖားကန့်ကြက်ခြေနီအသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မနေ့က တစ်နိုင်ငံလုံးမှာ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂,၂၄၁ ခုကိုစစ်ဆေးခဲ့တာမို့၊ ပိုးတွေနှုန်းကတော့၊ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက ၇.၈% ရှိခဲ့ရာကနေ၊ အခု ဆယ်ရက်အကြာမှာ ၅.၉% ကိုကျလာခဲ့ပါတယ်။

VOA News