SSPP နယ်မြေထဲ သက်ငယ်မုဒိန်းမှုကျူးလွန်သူကို သေဒဏ်အမိန့်ချမှတ်

25-Dec-2020

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဝမ်နွတ်ကျေးရွာမှာ သက်ငယ် မုဒိန်းမှုကျုးလွန်သူတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။

နောက်နောင် ခုလိုအမှုမျိုးတွေ မကျူးလွန်အောင် ခုလိုအမိန့်ချမှတ်လိုက်တာလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်းက RFA ကို ပြောပါတယ်။

သေဒဏ်အမိန့်ကို ဒီဇင်ဘာ ၂၂ ရက်မှာ ချမှတ်ထားပြီး သူ့အသက်ကို စီရင်မယ့်နေ့ကိုတော့ မသတ်မှတ်ရသေးဘူးလို့လည်း ပြောပါတယ်။

အမှုဖြစ်ပွားတဲ့နေရာဟာ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာမရှိဘဲ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ အုပ်ချုပ်မှုနယ်မြေထဲမှာ ဖြစ်တာကြောင့် ပြည်နယ်အစိုးရကိုမအပ်ဘဲ ပါတီရဲ့ ဥပဒေသတ်မှတ်ချက်တွေအတိုင်း စီရင်ချက်ချတာဖြစ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ သတ်မှတ်ချက်တွေအရ စစ်စည်းကမ်းဥပဒေတွေကို ချိုးဖောက်တာ၊ ပြည်သူတွေကို ထိခိုက်အောင်လုပ်တဲ့အမှုတွေမှာ သေဒဏ်ချမှတ်ခဲ့တာဆိုရင် ၂၀၁၉ နဲ့ ၂၀၂၀ အတွင်း ၄ မှုလောက်ရှိနေပြီး အရွယ်မရောက်သေးသူကို ကျုးလွန်ပြီး သတ်ခဲ့တာကြောင့် သေဒဏ်ချမှတ်တာကတော့ ပထမဦးဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဝမ်နွတ်ကျေးရွာမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်က အသက် ၆ နှစ်အရွယ် မိန်းကလေးကို ရွာအရှေ့ ချုံထဲမှာ အကြမ်းဖက်အဓမ္မပြုကျင့်ပြီး လျှိုမြောင်အတွင်း ပစ်ချတာကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ မြိုနယ်၊ ခရိုင်တရားရုံး အဆင့်ဆင့်ကနေ အမှုစစ်ဆေးခဲ့ပြီး ဗဟိုတရားရုံးကို အမှုလွှဲခဲ့ပြီးနောက် အရွယ်မရောက်တဲ့ ကလေးကို အဓမ္မပြုမှုနဲ့ လူသတ်မှုမြောက်တာကို အတည်ပြုခဲ့တဲ့အတွက် သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း SSPP ပါတီက ဒီဇင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese