ထိုင်းက ကိုဗစ် ပိုးတွေ့သူတွေထဲမှာ မြန်မာလုပ်သား ၅၀၀ ကျော် ပါဝင်နေ

21-Dec-2020

ထိုင်းနိုင်ငံ စမုတ်ဆာခွန်းမြို့နယ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူ ၇၀၀ နီးပါးထိရှိလာပြီး ဒီထဲမှာ အများစုက မြန်မာနဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ စမုတ်ဆာခွန်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကပ်ရောဂါပိုး စစ်ဆေးရာမှာ လူဦးရေ ၅၀၀ ကျော်ထိ တိုးလာကြောင်း ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ စိုဖွန် စီရီက ပြောဆိုသွားတာပါ။

ပုစွန်ဈေးက အသက် ၆၇ နှစ်အရွယ် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးတဲ့နောက်ပိုင်း ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေရာမှာ နောက်ထပ် ကိုဗစ်လူနာရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တိုးလူနာတွေအပြင် နိုင်ငံခြားသား အလုပ်သမားတွေပါ ပါဝင်လာတာ တွေ့ရကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပိုးတွေ့သူ အများစုကတော့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်နေပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ကိုဗစ်ကူးစက်သူ နောက်ထပ် ၁၄၆ ယောက် ထပ်တိုးလာပြီး လက်ရှိမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၇၀၀ နီးပါးထိရှိလာပြီး ဒီထဲမှာ ၉၀ ရာခိုင်နှုန်းက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ စမုတ်ဆာခွန်းဒေသက ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလိုပြောပြပါတယ်။

“မနေ့ကညထိ ကြေညာထားတာက ၅၄၈ ဦးဖြစ်ပါတယ်။ စမွန်ဆာခွန်း ပုစွန်ဈေး ဆိုတာကတော့ မြန်မာတွေ ထောင်နဲ့ချီရှိနေတာ။ အဆောက်အဦတွေလည်း အများကြီး။ အင်မတန်ဟောင်းနွမ်းနေတဲ့ အဆောက်အဦတွေ အဲဒီမှာ မြန်မာတွေပဲ နေနေကြတာ။ လုပ်ငန်းရှင်တွေ ကူးပြီဆိုမှတော့ အဲဒီနားမှာ ဈေးဝယ် လုပ်ကိုင်စားနေတဲ့ မြန်မာအလုပ်သမားတွေလည်း ကူးတော့မှာပေါ့။ ကျနော်တို့က အဲဒီလိုသုံးသပ်တယ်။ ကျနော်တို့လူမျိုးတွေက အခုချိန် မြန်မာပြည်ထဲလည်း ပြန်လို့မရဘူး၊ မြန်မာပြည်ထဲကနေလည်း ဝင်လို့မရဘူး၊ ပြန်ရင် အပြီးပြန်ရတာဆိုတော့ အခုချိန်မှာ ကျနော်တို့က မြန်မာပြည်က သယ်ဆောင်လာတယ်လို့ ပြောရအောင်လည်း ကျနော်တို့လူမျိုးတွေက ခွင့်နဲ့ ပြန်လာလို့လည်း မရဘူး။”

ထိုင်းနိုင်ငံ စမုတ်ဆာခွန်းခရိုင်အတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအားလုံး ခရီးသွားလာခွင့်နဲ့ ရွှေ့ပြောင်းတာတွေ မလုပ်ဖို့ ဒေသအာဏာပိုင်တွေက တားမြစ်ထားပါတယ်။ ကိုဗစ်ရောဂါပိုး စတွေ့တဲ့ ပင်လယ်စာအရောင်းဈေးဒိုင်ကို သွားလာ ဈေးဝယ်နေကြသူတွေ ကိုဗစ်ရောဂါ လက္ခဏာတွေ ရှိလာနေတယ်ဆိုရင် အမြန်ဆုံး ဆေးစစ်ခံကြဖို့ ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အခုလောလောဆယ်မှာတော့ ကပ်ရောဂါပိုး ရှိမရှိကို အခမဲ့ စစ်ဆေးပေးနေပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၅,၀၀၀ နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၄၂၄ ယောက်နဲ့ ကူးစက်သူ ၁၁၅,၀၀၀ ကျော် ရှိနေတာပါ။

ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားချိန်မှာ မြန်မာတွေ အများစုနေထိုင်ရာ ဒေသမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာဖြစ်ပါတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ နယ်စပ်တွေက ခိုးဝင်နေကြတဲ့ မြန်မာတွေလည်း ရှိနေပေမယ့် ဒီလူနာတွေဟာ နဂိုရှိနေပြီးသား အလုပ်သမားတွေလား နယ်စပ်ကနေ ဝင်လာကြသူတွေလား ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း ပြောဆိုတာမျိုး မရှိသေးပါဘူး။

VOA News