၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်
၁။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၃၀-၁၁-၂၀၂၀ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာချက်တွင် လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အားလျော်စွာ ရွေးကောက်ပွဲဖြစ်စဉ် များအား စိစစ်သုံးသပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းခံသည့်အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့အရ အများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လိုအပ်သလိုညွှန်ကြားပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားပါသည်။
၂။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် အချို့သော မဲဆန္ဒနယ်မြေများ၌ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်များက ကန့်ကွက်လွှာအတွက်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်းလျက် အောက်ပါစာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ တောင်းခံနေကြောင်း တွေ့ရပါသည် -
(က) ပြည်တွင်း/ပြည်ပ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများနှင့်ပတ်သက်၍ -
(၁) ပုံစံ (၁၅)၊ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ၊
(၂) ပုံစံ (၁-၃)၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုသော သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံပြင်ပရှိ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၊
(၃) ပုံစံ (၁၈)၊ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပေးပို့ထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်း၊
(၄) ပုံစံ (၁၇-က)၊ ပယ်မဲစာရင်း၊
(၅) ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ။
(ခ) နိုဝင်ဘာလ ၈ ရက်နေ့တွင်ပေးခဲ့သည့် ဆန္ဒမဲများနှင့်ပတ်သက်၍ -
(၁) ပုံစံ (၁)၊ လွှတ်တော်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း၊
(၂) ပုံစံ (၁၆)၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်း၊
(၃) ပုံစံ (၁၆-၁)၊ အသုံးမပြုဘဲကျန်ရှိနေသော ဆန္ဒမဲလက်မှတ်များစာရင်း၊
(၄) မဲရုံတွင်အသုံးပြုသော မဲစာရင်း၊
(၅) အသုံးမပြုဘဲကျန်နေသော ဆန္ဒမဲလက်မှတ်နှင့် လက်ခံဖြတ်ပိုင်းများ၊
(၆) ပုံစံ (၁၇)၊ ပယ်မဲစာရင်း။
(ဂ) မဲဆန္ဒနယ်အတွင်း လူကိုယ်တိုင်ပေးသည့် ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ -
(၁) ပုံစံ (၁၃)၊ မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးသူများစာရင်း၊
(၂) ပုံစံ (၁၆)၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်း၊
(၃) ပယ်မဲစာရင်း၊
(၄) ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ။
၃။ ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၉-၁၁-၂၀၂၀ ရက်စွဲဖြင့် တပ်ရင်းတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် မဲရုံပေါင်း ၁၂၇ ရုံအတွက် မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်းထားရှိလိုကြောင်း အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တောင်းခံလာပါသည်။
၄။ မဲစာရင်းမူရင်းများသည် ရွေးကောက်ပွဲကျင်းပပြီးနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် မရှိတော့ပါ။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၊ နည်းဥပဒေ ၈၆ (ခ) ပါ ပြဋ္ဌာန်း ချက်အရ မဲစာရင်းများနှင့် ရွေးကောက်ပွဲစာရွက်စာတမ်းများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများက မပျောက်မပျက်စေရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရပါသည်။ မဲစာရင်းမူရင်းများသည် နည်းဥပဒေနှင့်အညီ ချိပ်ပိတ်ထားသောအထုပ်များထဲတွင် ရှိနေပါသည်။ ထို့ပြင် တောင်းခံလာသော အခြား ရွေးကောက်ပွဲစာရွက်စာတမ်းများကိုလည်း မိတ္တူကူးယူခွင့်ပြုရမည်ဆိုသည်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိပါ။
၅။ သက်သေခံဥပဒေ ပုဒ်မ ၁ တွင် “ သက်ဆိုင်ခြင်း Application of Act ” နှင့်စပ်လျဉ်း၍ “ဤဥပဒေသည် တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သောမှုခင်းအားလုံးနှင့်ဖြစ်စေ၊ တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ စစ်တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံး၌ဖြစ်စေ သက်ဆိုင်စေရမည်” ဟု ပြဋ္ဌာန်းထားပါသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၇၈ တွင် ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲကန့်ကွက်မှု များကို စစ်ဆေးသည့်အခါတွင်သာ သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကို စစ်ဆေးရာတွင်သာ သက်သေခံဥပဒေပါပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပါသည်။ ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။
၆။ သို့ဖြစ်ပါ၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကိုပြုရာရောက်မည်ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည် မဟုတ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်