နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေက မဲရလဒ်တွေအပေါ် သံသယရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ကိုယ်စားလှယ်လောင်း တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမဦးဆုံးအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့နယ်အတွင်း မှာ ၂၀၁၅ ခုနှစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာတွေမှာ အနိုင်ရခဲ့ပြီး ၂၀၂၀ မှာတော့ အဲဒီနေရာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိသွားခဲ့ပါတယ်။
အမျိုးသားလွှတ်တော်နေရာကိုတော့ ၂၀၁၅ ခုနှစ်ကလိုပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တာပါ။
အာဏာရပါတီ NLD ရဲ့ အသက် ၆၀ အရွယ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဟာ ၂၀၁၅ တုန်းက သူအနိုင်ရခဲ့တဲ့ လားရှိုးမဲဆန္ဒနယ် အမှတ် ၁ ကနေ ပြန်လည်အနိုင်ရခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ခုနှစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့တဲ့နေရာတွေကို NLD နဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက အနိုင်ရခဲ့ပါတယ်။
ဒါဟာ ၁၉၉၀ နောက်ပိုင်း လားရှိုးမှာ NLD က ပထမဦးဆုံးအကြိမ် အနိုင်ရတာလို့ လားရှိုးမြို့နယ် NLD ပါတီက ဦးစိုင်းမြင့်မောင်က ပြောပါတယ်။
NLDနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေကတော့ ဒီရလဒ်နဲ့ပတ်သက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာပို့ထားတယ်လို့ လားရှိုးမြို့နယ် ကြံ့ခိုင်ဖွံ့ရေးပါတီက ပြည်သူ့လွှတ်တော်နေရာကဝင်ပြိုင်တဲ့ ဒေါက်တာလဆိုင်းက RFA ကို ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးရဲ့ ကန့်ကွက်စာမှာတော့ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို တိုကင်လက်မှတ်ထုတ်ပေးတာ၊ NLD ကိုယ်စားလှယ်လောင်း ဒေါက်တာလင်းထွဋ်က မဲမဆွယ်ရတဲ့နေ့မှာ ကြိုတင်မဲပေးပြီး သူ့ကိုမဲထည့်ဖို့ မီဒီယာတွေကိုပြောခဲ့တာ၊ ရပ်ကွက် ၁၂ မှာ သက်ကြီးတွေရဲ့ ကြိုတင်မဲကို နေအိမ်တွေကို လိုက်မယူဘဲ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမင်းအိမ်မှာ လူစုပြီး ကောက်ယူ ခဲ့တာလို့ စွပ်စွဲထားပြီး မဲရလဒ်တွေဟာ ဥပဒေနဲ့မညီလို့ ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ တောင်းဆိုကြောင်း ပါရှိတယ်။
လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်ရွှေကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက်တင်ပေးသွားမယ်လို့ပြောပါ တယ်။
ရွေးကောက်ပွဲရလဒ်တွေကို ပုံစံ ၁၉ လက်မှတ်ရေးထိုးတဲ့ အစီအစဉ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ဝ အမျိုးသားပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်းတွေက လက်မှတ်ရေးထိုးတာမရှိ ခဲ့ပါဘူး။ ဒီလိုလက်မှတ် မရေးထိုးတာဟာ ပါတီကိုယ်စားလှယ်ရဲ့ သဘောထားသားဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။
မူဆယ်ခရိုင်အတွင်းမှာတော့ SNLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်တဲ့ ကိုမော်ထွန်းအောင်က ရွေးကောက်ပွဲနေ့မှာ အသက်မပြည့်သူတွေ မဲလာပေးတာရှိသလို မဲရုံအချို့မှာ မဲမသမာမှု တွေကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဒီအတွက် ရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့ထားသလို တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်တဲ့အတွက် ပုံစံ ၁၉ မှာ လက်မှတ်မထိုးသေးဘူးလို့ပြောပါတယ်။ သူ့အနေနဲ့ အမျိုးသားလွှတ်တော်နေရာမှာ တအာင်းပလောင် အမျိုးသားပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တာပါ။
ကွတ်ခိုင်မြို့နယ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် ၁ မှာ တအာင်းပေလာင်ပါတီက အနိုင်ရခဲ့ပြီး ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော် နှစ်နေရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေမှာ မဲရေတွက်မှု စာရင်းတွေကို ပြန်လည်စိစစ်ပေးဖို့ SNLD ပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းမြထွန်းဆွယ်ဟိန်း က တောင်းဆိုထားပါတယ်။
မူလကပြိုင်ဘက် NLD ပါတီကို မဲအရေအတွက် ကိုးဆယ်ကျော်နဲ့ ရှုံးနိမ့်နေခဲ့ပြီး မဘိမ်းမှာ မဲရလဒ်ရေးသွင်းမှု မှားလို့ မဲလေးဆယ်ကျော် ပိုရလာတဲ့အတွက် သူတို့အနေနဲ့ ပြန်လည်စီစစ်ချင်တာလို့ ပြောပါတယ်။
ကျောက်မဲမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၁၂ ခုမှာ ရွေးကောက်ပွဲမကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကျေးရွာတွေဟာ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တာဖြစ်လို့ ရွေးကောက်ပွဲသာကျင်းပခဲ့ရင် SNLD နိုင်မှာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
ကံသာ
Crd RFA