တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ လျော့ကျနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုတွေ ကြုံနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အကြောင်း ကိုသက်နိုင် စစ်တွေမြို့ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဒီလထဲ မြေမြုပ်မိုင်းပေါက်ကွဲမှု ၃ ကြိမ် ကြုံခဲ့ရတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
ဒီနေ့မနက်မှာလည်း ကဇုကိုင်းကျေးရွားအနီး မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ စိုးရိမ်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ကျမတို့ကတော့ ဘယ်မှမသွားရဘူး။ဥယျာဉ်တွေလည်း မသွားရဘူး။ စားဖို့ သောက်ဖို့လည်း ခက်ခဲနေကြတယ်။ မိုင်းတွေလည်း ခဏခဏပေါက်တယ်။ အခုဆိုရင်ပိုဆိုးတာပေါ့ အမ်းမြို့ နယ် ကဇုကိုင်းမှာ ဆိုရင် လူသေတာလည်း ရှိတယ်။ မြေမြုပ်မိုင်းတွေကို နှင်းမိလို့ ခြေပြတ် လက်ပြတွေလည်းရှိတယ်။ စိုးရိမ်တာကတော့ မပြောနဲ့တော့ စားစရာလည်းမရှိ ကိုဗက်ကာလ ကန့်သတ်ထားတာကတစ်မျိုး။ ဒီကလူတွေကတော့ တောတောင်တွေကိုပဲ မှီခိုပြီးနေရတာ အခုက တောတောင်တင်မက ကိုယ့်ရဲ့ ရွာနီးနားလေးမှာ ရှိတဲ့ ဥယျာဉ်တွေလည်း မသွားရ ဘယ်မှမသွားရတာ တစ်နှစ်ကျော်ပါပြီ။”
ကုဇုကိုင်းကျေးရွာအနီးမှာတော့ တပ်မတော်စခန်းတွေ အခြေစိုက်ထားသလို၊ AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ဖူးပေမဲ့ ဒီကနေ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြေမြှုုပ်မိုင်းအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားရာဒေသမှာ မကြာခဏကြုံနေရတဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိနေကြောင်းလည်း အမ်းမြို့နယ် အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်း ကိုမျိုးလွင်ကပြောပါတယ်။
“ မိုင်းကွဲတာကတော့ အမ်းမြို့နယ် ကဇုကိုင်းကျေးရွာပေါ့နော်။ အဲဒီကျေးရွာ အနီးမှာ ပေါက်တယ်ပေါ့နော်။ ပေါက်တဲ့ နေရာအနီးမှာတော့ တပ်မတော်က စခန်းချထားတယ်ပေါ့နော်။ ဒီဇင်ဘာလအတွင်းမှာ ၃ရက်နေ့က တစ်ကြိမ် ၁၂ရက်နေ့တကြိမ် ဒီဇင်ဘာ ၁၄ရက် နေ့တကြိမ်ပေါ့နော်။ အရင်ကလည်းည အဲဒီနေရာတွေမှာ မိုင်းပေါက်ခဲ့တာ ရှိတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က မိုင်းပေါက်ပြီးတော့ အမျိုးသမီးတစ်ဦး သေဆုံးသွား တယ်ပေါ့ နော်။”
တပ်မတော်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ဟာ တောင်ပေါ်ဒေသတခု ဖြစ်တာကြောင့် ဒေသခံအများစုဟာ တောင်ယာနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့လည်း အခုအခါ စိုက်ပျိုးရေး အဓိက အားထားနေကြတဲ့ ဒေသခံတွေ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေကြတယ်လို့လည်း ကိုမျိုးလွင်ကပြောပါတယ်။
“ အဲဖက်မှာတော့ နဂိုကတည်းက စစ်ရေးပဋိပက္ခတွေ ရှိကတည်းပင် ဒေသခံတွေက စိုးရိမ်နေကြတယ်။ အသက်လုံခြုံမှူ မရှိသလို ဒေသခံတွေက ခံစားရတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီးတော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေ ရှိတယ်ဆိုတော့ အဲဒီနောက်ပိုင်း မြေမြုပ်မိုင်းတွေကလည်း တောက်လျောက်ပေါက်လာတယ်ဆိုတော့ အခုလက်ရှိ အပစ်အခတ် ရပ်ထားတဲ့ ကာလမှာတောင်မှ မိုင်းတွေ ပေါက်ကွဲနေတယ်ဆိုတော့ ဒေသခံတွေရဲ့ အသက်လုံခြုံရေးအတွက် အာမှခံလို့မရတဲ့ အနေအထားမှာရှိနေတယ်ပေါ့နော်။”
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်တာ စစ်ရေးတင်းမာမှု ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတာ ၃၃ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း ဒေသခံ လူထုအခြေပြုအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကမှတ်တမ်းတင်ထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်ဒုက္ခသည် ၂၃၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ခန့်မှန်းထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၁ လကျော်လောက် ရှိနေပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ် အပါအဝင် လုံခြုံရေးစိုးရိမ်မှုကြောင့် ဒုက္ခသည်တွေ အများအပြား နေရပ်မပြန်ရဲသေးပဲ ဖြစ်နေပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet (မီရှဲ ဘက်ရှလတ်) ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သတိပေးထားပါတယ်။
VOA News