ရသေ့တောင်မှာ အဓမ္မပြုကျင့်ခဲ့တဲ့စစ်သား ၃ ဦးအမှု ရှေ့သီတင်းပတ်မှာ စီရင်ချက်ချမည်

05-Dec-2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ တပ်မတော်သားသုံးဦးကို ရှေ့သီတင်းပတ်မှာ စီရင်ချက်ချမယ့်အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် အခုနောက်ဆုံး အရေးယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူ တပ်မတော်သား သုံး ဦး ကိုယ်တိုင်ကလည်း မနေ့တုန်းက စစ်ဆေးရာမှာ အပြစ်ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် လာမယ့် တနင်္လာနေ့ကျရင် စီရင်ချက်ချမှာဖြစ်ကြောင်း တရားလို အကျိုးဆောင်ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။

“ဒီဇင်ဘာလ ၃ ရက်နေ့က တပ်မတော်သား သုံးဦးကို စစ်တွေမြို့ အကျဉ်းစစ်တရားရုံး မှာ အကျဉ်းခုံရုံးဖွဲ့ပြီးတော့ စစ်တယ်ပေါ့နော်။ စစ်ဆေးတဲ့အခါ တပ်မတော်သား သုံးဦးကလည်း သူတို့ ကျူးလွန်တယ်ဆိုတာကို ဝင်ခံတယ်။ ဝင်ခံတဲ့ အတွက် သူတို့ကို ၁၉၅၉ခု တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄ (က)ကြီးအရ စွဲချက်တင်ပါတယ်။ စွဲချက်တင်တဲ့ အခါ တပ်မတော် တစ်ဦးကို ပုဒ်မ ၃ခုနဲ့ စွဲချက်တင်ပြီးတော့ ကျန်တဲ့ နှစ်ဦးကို ပုဒ်မ ၂ခုနဲ့ စွဲချက်တင်ပါတယ်။”

ပြစ်မှူကျူးလွန်တဲ့ တပ်မတော်သား သုံး ဦးကို လာမည့် ဒီဇင်ဘာလ ၁၁ နေ့မှာ အမိန့်ချမှာဖြစ်ပြီး ပြစ်မှူကျူးလွန်ခဲ့တဲ့ တပ်မတော်သားသုံးဦးထဲက တစ်ဦးကို ပုဒ်မ သုံးခုနဲ့ စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ နှစ်ဦးကိုတော့ ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားကြောင်းလည်း တရားလွှတ်တော် ရှေ့နေဒေါ်မြသူဇာက ပြောပါတယ်။

“နယ်ဘက်ပြစ်မှူ ၃၇၆၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၁၊ နယ်ဖက်ပြစ်မှူ ၃၆၆ တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၁၊ တပ်မတော်အက်ဥပဒေပုဒ်မ ၃၅(င) တို့နဲ့ စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ တစ်ဦးကို နယ်ဖက်ပြစ်မှူ ၃၇၆၊ တပ်မတော်ပက်ဥပဒေပုဒ်မ ၇၁ ပြီးတော့ တပ်မတော်အက် ဥပဒေပုဒ်မ ၄၇(၁)နဲ့ စွဲချက်တင်တယ်။ နောက်တစ်ဦးကိုတော့ နယ်ဘက်ပြစ်မှူ ပုဒ်မ ၃၇၆ရယ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၁ ပြီးတော့ တပ်မတော်အက်ဥပဒေပုဒ်မ ၄၇(၁)နဲ့ စွဲချက်တင် တယ်။”

မြန်မာနိုင်ငံအတွင်းက စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က အမျိုးသမီးတွေအပေါ် အဓမ္မကျုးလွန်းခဲ့တဲ့ အမှုပေါင်း ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ ၉၄ မှုရှိတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်လို့ နော်ဆဲဆဲကပြောတယ်။ ပြစ်မှူကျူးလွန်သူတွေကို ထိုက်တန်တဲ့ဘအပြစ်ပေးစေချင်တယ်လို့လည်း အမျိုးသမီးရေးလှုပ်ရှားနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“ကျမတို့ သိရသလောက်ဆိုရင် တစ်ချို့သောအမှူတွေက ဘာမှ တရားမရင်ဆိုင်ရဘဲနဲ့ ဒီအတိုင်း ပဲထားခဲ့တယ်။ ပြီးတော့ ကျူးလွန်တဲ့သူတွေကိုလည်း ပြစ်ဒဏ်ကင်း လွတ်ခွင့် ပေးတယ် ပေါ့နော်။ အခုရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အမှူကတော့ တပ်မတော်သားတွေက ဝင်ခံတယ်လို့ ကျမတို့ ကြားရတယ်။ အမိန့်ချမှတ်မှာက ၁၁ ရက်နေ့ပေါ့နော် တစ်ဖက်မှာက တရားစီရင်ရေးအထိ ရောက်ပြီး ဝင်ခံခဲ့ပေမယ့် တရားမျှတမှူ ဘယ်လောက်ရှိမရှိ ဆိုတာကတော့ အဓိက ကျတဲ့အပိုင်းပေါ့နော်။ ၁၁ ရက်နေ့မှာ သူတို့ ဘယ်လိုပြစ်ဒဏ်ပေးမလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်။ တကယ်ကျူးလွန်တဲ့ သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးစေချင်တယ်။ ပြီးတော့ တကယ်ကျူးလွန်တဲ့ ဒီစစ်ပွဲမှာ မဒိန်းကျင့်ခံရတာက မဒိန်းမှူတွင်မက စစ်ရာဇတ်မှူ ပါကျူးလွန်တဲ့ ရာဇဝတ်မှူတွေဖြစ်တယ်။ ထိုက်ထိုက်တန်တန်နဲ့ အရေးယူ ဆောင်ရွက်သင့်တယ်။ ပြစ်ဒဏ်ပေးသင့်တယ်ပေါ့နော်။”

စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တဲ့ စွပ်စွဲမှုတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပေမဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေကြတာပါ။ အခုအမှုမှာ ကာယကံရှင် အမျိုးသမီးအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဒေါ်မြသူဇာကတော့ ထိုက်သင့်တဲ့ပြစ်ဒဏ် စီရင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျမတို့ကတော့ ပြည်သူလူထုနဲ့ အတူနစ်နာတဲ့ အမျိုးသမီးနဲ့ အတူ လာမယ့် ၁၁ ရက်နေ့ ရုံးချိန်းကို မျှော်လင့်နေပါတယ်။ နစ်နာတဲ့ အမျိုးသမီးကလည်း သူ့အပေါ်မှာ ကျူးလွန်ထားတဲ့ ပြစ်မှူနဲ့ ညီမျှအောင် ပြစ်ဒဏ်ချမှပေးစေချင်တယ်။ ချမှတ်ပေးဖို့အတွက်လည်း ကျမတို့ မျှော်လင့်နေပါတယ်။”

တပ်မတော်သား ၃ ဦး အမှုရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်အောင် တပ်မတော် ပြောခွင့်ရသူကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက် ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ တပ်မတော်နဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

VOA News