အာဆီယံထိပ်သီး အွန်လိုင်းစည်းဝေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

12-Nov-2020

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် ပါဝင် တက်ရောက်ခဲ့ပါတယ်။

ဒါဟာဖြင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတက်ရောက်တဲ့ နိုင်ငံတကာအစည်းအဝေး တခုလည်းဖြစ်ပါတယ်။

ထိပ်သီး အစည်းအဝေးမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်းကို အခုလို ထည့်သွင်း ဆွေးနွေးသွားပါတယ်။

"COVID-19 က ကျနော်တို့ ပြည်သူတွေရဲ့ ဘဝတွေကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့အတွက် ခက်ခဲတဲ့ အချိန်ကို ကျနော်တို့ ဖြတ်သန်းနေကြရပါတယ်။ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ ပျက်ယွင်းနေရချိန်မှာပဲ မိုးခေါင်မှု၊ ရေကြီးမှုနဲ့ ဆက်တိုက်ဆိုသလို ကျရောက်တဲ့ မုန်တိုင်းတွေလို သဘာဝ ဘေးအန္တရာယ်တွေက အခြေအနေကို ပိုပြီး ဆိုးရွားနေစေပါတယ်။ ဆယ်စုနှစ်တွေကြာ တည်ဆောက်ယူခဲ့ရတဲ့ လူမှု စီးပွားဘဝ တိုးတက်မှုတွေလည်း ဖျက်ဆီးခံရသလို လာမယ့် နှစ်တွေမှာလည်း ဆုံးရှုံးမှုတွေ ထပ်မံ ကြုံတွေ့ရဖို့ ရှိနေပါတယ်။" လို့ ဗီယက်နမ် ဝန်ကြီးချုပ် NGUYEN XUAN PHUC က ပြောပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Ki Keqiang တို့ အကြား တရုတ်၊ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း ဆက်လက် ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တစိုက်မတ်မတ် တိုးမြှင့် ပြုလုပ်နေလို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို တရုတ်၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်ထဲ တရုတ် သင်္ဘောတွေနဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက သင်္ဘောတွေအကြား မကြာခဏ ဆိုသလို ထိပ်တိုင် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေတာပါ။

အဲဒီ တရုတ်၊ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တရုတ် ဝန်ကြီးချုပ် Li Keqiang က တရုတ်နဲ့ အာဆီယံနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်ကို အတူတကွ တိုက်ဖျက်နေပြီး စီးပွားရေး ပြန်လည် ပွင့်လာရေး ကြိုးပမ်းနေကြတယ်လို့ ပြောကြားကြောင်း တရုတ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကျင်းပဆဲ ထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့လည်း သီးခြားစီ ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်။

Crd VOA News