အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် Mark Meadows ကိုဗစ် ကူးစက်ခံရ

07-Nov-2020

အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် Mark Meadows က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို စမ်းသပ် သိရှိခဲ့ရကြောင်း သူနဲ့ နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အတည်ပြုပြောကြားခဲ့တယ်လို့ သောကြာနေ့နှောင်းပိုင်းက အမေရိကန်သတင်းမီဒီယာ အတော်များများမှာ ရေးသားဖော်ပြကြပါတယ်။

သူ့မှာ ဘယ်လို ရောဂါလက္ခဏာမျိုး ခံစားနေရတယ်ဆိုတာနဲ့ ရောဂါပိုး ကူးစက်နေတယ်ဆိုတာကို ဘယ်အချိန်မှာ စမ်းသပ် သိရှိခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် သူ့မှာ ကိုဗစ်-၁၉ ကူးစက်နေတယ်ဆိုတာကို နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အင်္ဂါနေ့မှာ ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲအပြီးမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

သူ့ထံက တိုက်ရိုက်အတည်ပြုချက်ရနိုင်ဖို့ အမေရိကန်မီဒီယာတွေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သမ္မတ Donald Trump ကိုဗစ်-၁၉ ကူးစက်ခံရစဉ်က Mark Meadows ဟာ သမ္မတ အနီးမှာ တောက်လျှောက် ရှိနေခဲ့သဖြစ်ပြီး သမ္မတ Walter Reed စစ်ဆေးရုံတက်တဲ့အခါမှာလည်း သမ္မတနဲ့အတူ ဆေးရုံကို လိုက်ပါသွားခဲ့သူတဦး ဖြစ်ပါတယ်။

ဒါဟာ သမ္မတ Trump အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရစဉ် အိမ်ဖြူတော် ထိပ်တန်း အရာရှိအတော်တော်များများပါ ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အိမ်ဖြူတော် ထိပ်တန်းအရာရှိတဦး ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရတာလည်း ဖြစ်ပါတယ်။

Crd VOA News