အိန္ဒိယနိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ်ဖြစ်တဲ့ Uttar Pradesh ပြည်နယ်မှာ မနေ့တုန်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံ ရေးအစမ်းလေ့ကျင့်ခဲ့ပါတယ်။ နိုင်ငံတဝှမ်း ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ် စတင်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ အခုလိုခန့်မှန်း ခြေ လူသန်း ၂၀၀ လောက်ရှိတဲ့ ပြည်နယ်တွင်းက ခရိုင် ၇၅ ခုမှာ ကြိုတင် အစမ်းလေ့ကျင့်ခဲ့တာပါ။
ရှေ့သီတင်းပတ်မှာ စတင်မယ့် ကာကွယ်ဆေးတွေထိုးနှံပေးမယ့် အစီအစဉ်အတွက် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေဘက်က အဆင်သင့်ဖြစ်နေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က အင်္ဂါနေ့ကပြောပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့မှာ ကျွမ်းကျင်ပညာရှင်များ ကော်မတီအဖွဲ့ SEC က ကာကွယ်ဆေး နဲ့ပတ်သက်လို့ ထောက်ခံချက် ပေးလိုက်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ အိန္ဒိယအထွေထွေ ဆေးဝါးထိန်းချုပ်ရေးဌာနကအရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပြီးပါပြီ။ ၁၀ ရက် အတွင်း ထိုးဆေးတွေကို ဖြန့်ဖြူးပေးဖို့ စီစဉ်ထားပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အစိုးရက ချမှတ်ပါမယ် လို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က ပြောပါတယ်။
ဒါ့အပြင်၊ Bharat Biotech နဲ့ အိန္ဒိယ Serum Institute တို့ရဲ့ ပူးတွဲကြေညာချက်မှာ ကာကွယ်ဆေးတွေက ကမ္ဘာတဝှမ်း အများပြည်သူ ကျန်းမာရေးအတွက် ဖြစ်တယ်လို့ဖော်ပြထားကြောင်း၊ ဆေးတွေကို တကမ္ဘာလုံးလက်လှမ်းမီအောင်ထုတ်လုပ်ပေးသွားဖို့ ကတိပြု ထားတာကြောင့် ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်တာ မရှိကြောင်းလည်း သူက ပြောပါတယ်။
အိန္ဒိယမှာAstraZeneca နဲ့ Oxford တက္ကသိုလ်က ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးနဲ့ ပြည်တွင်း Bharat Biotech ဆေးကုမ္ပဏီ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုခွင့်ပေးထားပြီး Serum Institute of India က AstraZeneca ကုမ္ပဏီထုတ်COVID 19 ကာကွယ်ဆေးတွေ အမြောက်အမြား ထုတ်လုပ်နေပါတယ်။
VOA News