စီးပွားရေးလုပ်ဖို့ ချေးငွေလိုအပ်နေတဲ့ ပြည်သူတွေကို အသေးစားချေးငွေတွေ ပေးနိုင်ဖို့ စီစဉ်နေပြီး လာမယ့် နှစ်ပတ်၊ သုံးပတ်အတွင်း ချေးငွေချထားပေးမယ့် အစီစဉ်တွေကို ပြည်သူတွေထံ ချပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၆ ရက်နေ့ည မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
ပြည်သူတွေဟာ အဖွဲ့အစည်းတွေဆီကနေ အသေးစားချေးငွေတွေချေးယူပြီး ကိုဗစ် ကာလမှာ ပြန်မဆပ်နိုင်လို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ကြားသိရတယ်လို့ သူကပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အစိုးရအနေနဲ့ အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းတွေနဲ့ ညှိပြီး ပြည်သူတွေရဲ့ ကြွေးကျန်တွေ ဆပ်ချိန် ဆိုင်းငံ့ပေးဖို့ အစီစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ငွေကြေးနဲ့ အရင်းအမြစ်အရ ကြွေးဆပ်ချိန် ဆိုင်းငံ့ပေးရေးမှာ တစ်တိုင်းပြည်လုံးကို ကူညီပေးနိုင်မှာ မဟုတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများပြီး လူဦးရေများတဲ့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ကူညီနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ နှစ်နေရာ၊ သုံးနေရာမှာ ငွေချေးတာပြီး ကြွေးပိနေကြတာတွေ ရှိကြောင်းနဲ့ ဒီလို မလုပ်ဖို့ကိုလည်း အတိုင်ပင်ခံက မေတ္တာရပ်ခံလိုက်ပါတယ်။
အတိုင်ပင်ခံရဲ့ မဲဆန္ဒနယ် ကော့မှူးမှာလည်း ချေးငွေရယူပြီး ပြန်မဆပ်နိုင်တဲ့ ပြဿနာတွေ ဒေသခံ တော်တော်များများမှာ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
Crd RFA
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။