မြန်မာ့ရွေးကောက်ပွဲ ကြီးမားတဲ့ ပြဿနာတွေ မရှိခဲ့ဟု စောင့်ကြည့်ရေးအဖွဲ့တွေ သုံးသပ်

10-Nov-2020

မြန်မာနိုင်ငံမှာ မနေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တွေက သုံးသပ်ခဲ့တဲ့အကြောင်း တင်ပြပေးမှာပါ။

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း တနင်္ဂနွေနေ့က ကျင်းပရာမှာတော့ ပြဿနာကြီးကြီးမားမား မရှိဘဲ ပြီးဆုံးသွားခဲ့တယ်လို့ အကဲခတ်တွေက လက်ခံခဲ့ကြပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကို အစောပိုင်းမှာ စောင့်ကြည့်လေ့လာခွင့် မပေးတာမျိုး၊ ရပ်ကွက်နဲ့ ကျေးရွာခွဲက မဲရုံတာဝန်ရှိသူတွေက ဒေသတာဝန်ရှိသူတွေဆီမှာ ထပ်မံခွင့်တောင်းခိုင်းတာမျိုးနဲ့ စီမံခန့်ခွဲမှု အားနည်းချက်တချို့က လွဲရင် ၂၀၂၀ မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဒီကနေ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“ကြီးမားတဲ့ဖြစ်စဉ် မတွေ့ရပါဘူး။ မဲပေးတဲ့ဖြစ်စဉ်မှာ ကျနော်တို့ တိုင်းတာတဲ့အခါမှာ ပထမဘယ်လို တိုင်းတာလဲဆိုတော့ မဲရုံပြင်ဆင်တာ၊ ဖွင့်တာ တပိုင်းတိုင်းတယ်၊ သီးသန့်ဆန်းစစ်လေ့လာမှု လုပ်တယ်။ အဲဒါပြီးတာနဲ့ မဲပေးတဲ့ ဖြစ်စဉ်ကြီးတခုလုံးကို ဆန်းစစ်လေ့လာမှုလုပ်တယ်။ သဘောက မဲစပေးတဲ့ ၆ နာရီကစပြီးတော့ ညနေ ၄ နာရီ မဲရုံတွေ ပိတ်တဲ့အထိ အဲဒီတပိုင်းကို သီးသန့် ကျနော်တို့ ဆန်းစစ်လေ့လာမှု လုပ်တယ်၊ အဲဒါပြီးတာနဲ့ မဲရုံပိတ်တာ မဲရေတာကို သီးသန့် ကျနော်တို့ ဆန်းစစ်လေ့လာမှု လုပ်တယ်၊ ဒီအပိုင်းမှာလည်း မဲပေးတဲ့ ဖြစ်စဉ်မှာလည်း ကြီးကြီးမားမားပြဿနာ မတွေ့ရဘူး။ စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ အားနည်းချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ပြောရရင် ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို သက်ရောက်မှုရှိတဲ့ အတိုင်းအတာ scale ရော၊ scoope ရောမှာ ကျနော်တို့ အဲဒီလောက် မတွေ့ရဘူး။”

ရွေးကောက်ပွဲရလဒ်တွေက ဘယ်လို ရွေးကောက်ပွဲ အရည်အသွေးတွေက ထွက်လာတာလဲ၊ ပွင့်လင်းမြင်သာမှုရှိရဲ့လား၊ အားလုံး ပါဝင်ခွင့်ရကြလား ဆိုတဲ့ ဒါတွေကို တိုင်းတာဖို့အတွက် အဓိက စောင့်ကြည့်လေ့လာခဲ့ကြောင်း၊ မဲဆွယ်စည်းရုံးမှု၊ ကြိုတင်မဲစောင့်ကြည့်မှု၊ ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှု၊ မဲရလဒ်တွေ စုစည်းတာ ဒီအဆင့်လေးခုကိုအယောက် ၂,၈၀၀ ကျော်နဲ့ စောင့်ကြည့်ခဲ့တယ်လို့ သူကပြောပါတယ်။

ကပ်ရောဂါအတားအဆီး အစီအမံတွေကို ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ခဲ့ပေမဲ့ တချို့နေရာတွေမှာ မဲရုံအကျယ်အဝန်းကြောင့် ခြောက်ပေခြား မခွာနိုင်တာ၊ မဲရုံတွေရဲ့ လေးပုံတပုံပဲ မသန်စွမ်းသူတွေအတွက် ပြင်ဆင်ထားတာ၊ မဲရုံ သုံးပုံ တပုံမှာ လူတဦးကနေ ၁၀ ဦးထိ မဲစာရင်းမှာ မပါတာ၊ မဲရုံတွေရဲ့ ၇၆ ရာခိုင်နှုန်းကပဲ ကြိုတင်မဲစာရင်း ပုံစံ ၁၃ ကို မဲရုံအပြင်ဘက်မှာ ကပ်ထာတာ၊ မဲရုံတွေရဲ့ ၇ ရာခိုင်နှုန်းမှာ ကြိုတင်မဲပုံးတွေ အချိန်မီရောက်မလာတာ၊ မဲရုံတွေရဲ့ ၁ ရာခိုင်နှုန်းအောက်က ဆန္ဒမဲပုံးနဲ့ မဲလက်မှတ် အချိန်မီရောက်မလာတာ ဒါတွေကို PACE အဖွဲ့ကတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါအခြေအနေကြားမှာ လုပ်ခဲ့ရတဲ့ ရွေးကောက်ပွဲဖြစ်ပေမဲ့ မဲလာထည့်တဲ့ အရေအတွက်ဟာများနိုင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မြင်ကြောင်း ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါ က အခုလိုပြောပါတယ်။ ကိုဗစ် ကပ်ရောဂါ ကြောင့် ရန်ကုန်မှာပဲ စောင့်ကြည့် လေ့လာတာကို လုပ်ခဲ့ရကြောင်းလည်း အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ အခုအချိန် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ဆိုလို့ရှိရင် တရားမျှတပြီးတော့မှ တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အားလုံးကနေ အသိအမှတ်ပြုမယ်လို့ ကျနော်ထင်ပါတယ်။ ကူးစက်မှုရာခိုင်နှုန်း မြင့်မားနေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ သင့်တော်ပါ့မလား ဆိုတဲ့ တင်ပြမှုတွေလည်း ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ တရားဝင် ကြေညာခြင်း မရှိသေးသော်ငြားလည်း ကျနော်ကြည့်ခဲ့တဲ့ အနေအထားအရ မဲထည့်တဲ့ ရာခိုင်နှုန်းကတော့ မြင့်မားမယ်လို့ ကျနော်ထင်ပါတယ်။”

မဲရလဒ်တွေကတော့ အခုသတင်းကြေညာတဲ့အချိန်အထိ စုစည်းနေတုန်းပါ။ ကြိုတင်မဲကတော့ နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် မဲရုံတွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ ကြိုတင်မဲတွေဖြစ်ကြတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးကလည်း ဒီနေ့ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ဒီမိုကရေစီအတွက် နောက်ထပ်သမိုင်းမှတ်တိုင် လျှောက်လှမ်းနေတဲ့ ပြည်သူတွေကို ချီးကျူးကြောင်းနဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆက်ပြီး လက်တွဲသွားဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခြေခံအခွင့်အရေးတရပ်ဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ကျင့်သုံးနိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းလည်း ဗြိတိန်နိုင်ငံက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Crd VOA News