ကာကွယ်ဆေးနှစ်မျိုး အရေးပေါ်သုံးခွင့် အိန္ဒိယ အတည်ပြု

03-Jan-2021

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အဖြစ် အသုံးပြုဖို့အတွက် အခု တနင်္ဂနွေနေ့မှာ နောက်ဆုံးအတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။

တမျိုးကတော့ AstraZenaca ဆေးကုမ္ပဏီနဲ့ Oxford တက္ကသိုလ်တို့က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပြီး နောက်တမျိုးကတော့ အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech ကထုတ်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ အဲဒီဆေး ၂ ခုစလုံးကို အိန္ဒိယနိုင်ငံထဲမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အရေးပေါ်အသုံးပြုဖို့အတွက် အတည်ပြုလိုက်တဲ့ ကာကွယ်ဆေး ၂ မျိုးဟာ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံသားတိုင်း ဂုဏ်ယူရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi က တွစ်တာကနေ ရေးပါတယ်။

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေထဲက တခုကိုစတင်ဖို့ လုပ်နေချိန်မှာပဲ အခုလို ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုဖို့ သတင်းထွက်ပေါ်လာခဲ့တာပါ။ ကာကွယ်ဆေးထိုးဖို့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ လေ့ကျင့်မှုတွေကိုတော့ မနေ့ စနေနေ့က လုပ်ခဲ့ပါတယ်။

AstraZeneca ကုမ္ပဏီကထုတ်တဲ့ ဆေးရဲ့ ထိရောက်မှုက ၇၀ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးကတော့ ဘေးကင်းပြီး ကိုယ်ခံအားတုံ့ပြန်မှုကို အများကြီးပေးနိုင်တယ်လို့ အိန္ဒိယ ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲက ဒီနေ့ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ COVID-19 ရောဂါကူးစက်သူ ၁၀.၃ သန်းရှိပြီး ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဗိုင်းရပ်စ်ကူးစက်သူ ၂၀.၄ သန်းနဲ့ သေဆုံးသူ ၃ သိန်းခွဲကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတဝန်းမှာ COVID-19 ကာကွယ်ဆေး ၄.၂ သန်းကျော် ထိုးပေးထားပြီး ၁၃ သန်းကျော် ဖြန့်ဝေထားတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ပြောပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၄ သန်းခွဲကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

ဗြိတိန်မှာတော့ မနေ့က တရက်တည်းမှာတင် ဗိုင်းရပ်စ်ကူးစက်သူ ဦးရေဟာ ၅၇,၀၀၀ ကျော်နဲ့ နောက်ထပ် စံချိန်တင်ခဲ့တယ်လို့ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

VOA News