ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုနာတစ်ဦး တွေ့ရှိတယ်လို့ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ တာ၀န်ရှိသူတစ်ဦးက DVB ကို ပြောပါတယ်။
ပိုးတွေ့လူနာဟာ ရန်ကုန်ကနေ ဒီဇင်ဘာ ၁ ရက်နေ့မှာ ခရီးသည်တင်ယာဉ်နဲ့ ပူတာအိုကို ရောက်ရှိကာ အသွားအလာကန့်သတ်ပြီး အာခေါင်ဖတ်ယူ မန္တလေးကို ပေးပို့စစ်ဆေးရာက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။
ပိုးတွေ့ထားသူနဲ့ ထိတွေ့ခဲ့သူအားလုံးကို ကိုဗစ်ပိုးရှိ၊ မရှိ အမြန်စစ်တဲ့ RDT နဲ့ စစ်ကြည့်ရာ အကုန် Negative ထွက်ပေမဲ့ Quantine ဆက်ထားပြီး ပြန်စစ်ဆေးမယ်လို့ ပူတာအိုဆေးရုံ တာ၀န်ရှိသူက ဆိုပါတယ်။
“ပိုးတွေ့ထားသူက အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ခုချိန်ထိ ကျန်းမာရေး ကောင်းပါတယ်။ ဖျားတာတို့၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာတို့ လုံး၀မရှိသေးဘူး။”
ပိုးတွေ့လူနာ စီးလာတဲ့ စွမ်းကားဂိတ်ကို ဆက်သွယ်ကြည့်ရာ ဖုန်းပိတ်ထားတဲ့အတွက် ပြည်နယ်အဆင့်ကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၃၉၁ ဦးရှိပြီးဖြစ်ကာ အခု ပိုးတွေ့ထားသူက ပူတာအိုခရိုင်မှာ ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ဖေနောင်းအောင် (ပူတာအို)
DVB News