အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ထောက်ခံသူတွေသာမက မထောက်ခံသူတွေရဲ့အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်မယ်လို့ ခံယူကြောင်း NLD ပါတီက နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ပြည်သူသို့ အသိပေးခြင်း ခေါင်းစဉ်နဲ့ ကြေညာချက်ထုတ်ပြန်လာပါတယ်။
ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ကြိုးစားဖြည့်ဆည်းမယ်လို့ ပါရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဦးတည်ချက် ၃ ရပ်နဲ့အညီ ဆက်လက်လုပ်ဆောင်မယ်လို့လည်း NLD က ကတိပြုလိုက်ပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းပါ ဦးတည်ချက် ၃ ရပ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖြစ်ထွန်းစေမယ့် အခြေခံဥပဒေပေါ်ပေါက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲမယ့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ်ပါတယ်။
ဒီလို နှစ်ပေါင်း ၃၀ ကျော် လူထု ထောက်ခံမှုကိုဆက်တိုက်ရရှိထားတာဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အံ့မခန်း စည်းရုံးရေးစွမ်းရည်ကြောင့် ဖြစ်တယ်လို့ ဆိုပြီး ပြည်သူလူထုရဲ့ ကျေးဇူးနဲ့ ယုံကြည်မှုတို့ကို ကိုက်ညီစေဖို့ တာဝန်ကျေရမယ်လို့ ခံယူကြောင်း NLD ထုတ်ပြန်ချက်က ဆိုပါတယ်။
NLD ဟာ ဒီမိုကရေစီခရီးကြမ်းမှာ အကြမ်းမဖက်တဲ့နည်း ၊ ပြည်သူတွေမထိခိုက်မနစ်နာစေတဲ့နည်းတွေနဲ့ တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့ပြီး အထွေထွေရွေးကောက်ပွဲတွေမှာလည်း ဒီမူဝါဒတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတဲ့ အဓိကကျတဲ့ နိုင်ငံရေးဦးတည်ချက်များချမှတ်ပြီး ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ၈၂ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ကြားဖြတ်မှာ ၉၅ ရာခိုင်နှုန်းကျော်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းခန့်နဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၃ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-MPA
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။