ပါတီတွေရဲ့ရွေးကောက်ပွဲအရှုံး ကိုဗစ်ကြောင့်မဟုတ်ဘူးလို့ ကော်မရှင်ဥက္ကဋ္ဌပြော မဲလာပေးသူ ၂၇ သန်းကျော်ရှိတယ်လို့ ဆို

17-Nov-2020

ကိုဗစ်ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးအပြည့်အဝမလုပ်နိုင်လို့ ရှုံးရတာဆိုတဲ့ နိုင်ငံရေးပါတီတချို့ရဲ့ အကြောင်းပြချက်ကို လက်မခံကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက နိုင်ငံပိုင်ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

'ကိုဗစ်ကြောင့်ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ နိုင်ငံရေးပါတီတွေ စည်းရုံးမှုအားမကောင်းလို့ဖြစ်တာလို့ယုံကြည်ပါတယ်' လို့ ဦးလှသိန်းကပြောပါတယ်။

ကိုဗစ်ရောဂါမဖြစ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ၉၁ ပါတီပြိုင်ပြီး ၂၂ ပါတီပဲ အနိုင်ရခဲ့တဲ့အကြောင်း သူကထောက်ပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မှာ ဝင်ပြိုင်ပြီး အရွေးမခံရတဲ့ပါတီ ၆၈ ပါတီရှိပြီး ၂၀၁၅ က ၆၉ ပါတီ ရှိခဲ့ကြောင်း ဦးလှသိန်းက နှိုင်းယှဉ်ပြပါတယ်။

ပါတီ ၈၇ ခုဝင်ပြိုင်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စုစုပေါင်း ၁၉ ပါတီပဲအနိုင်ရပြီး လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တာပါ။

ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပါတီ တချို့ရဲ့ပြောကြားချက်တွေဟာ သူတို့ရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်လို့ ဦးလှသိန်းကပြောပါတယ်။

မဲပေးခွင့်ရှိသူ ၃၈ သန်းကျော်ရှိပြီး ၂၇ သန်းကျော် မဲလာပေးခဲ့လို့ ၇၀ ရာခိုင်နှုန်းကျော်မဲလာပေးခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်း

ဓာတ်ပုံ - UEC