အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး သမ္မတ Donald Trump က အထောက်အထားမဲ့ ပြောဆိုထားတာကို ထောက်ခံတဲ့အနေနဲ့ သမ္မတ Trump ကို ထောက်ခံသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ စုဝေးဆန္ဒပြကြဖို့ ရှိပါတယ်။
Million MAGA March, Women for Trump နဲ့ Stop the Steal ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆန္ဒပြပွဲတွေ အပါအဝင် ဆန္ဒပြပွဲ အတော်များများလုပ်ဖို့ စီစဉ်ထားကြတာပါ။ Stop the Steal ဆန္ဒပြပွဲဟာ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမပြနိုင်တဲ့ စွပ်စွဲချက်ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ ဒုသမ္မတဟောင်း Joe Biden ကို သူရှုံးနိမ့်တယ်ဆိုတာ သမ္မတ Trump က ခုချိန်ထိ လက်မခံသေးပါဘူး။ ရွေးကောက်ပွဲတွေမှာ ဟိုဘက်ဒီဘက်ပြောင်းပြီး ထောက်ခံလေ့ရှိတဲ့ ပြည်နယ်တွေမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး သူ အရေးနိမ့်တယ်ဆိုတာကို လက်မခံတာပါ။
ပြည်နယ်အသီးသီးရဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲကြီး တခုလုံးရဲ့ ရလဒ်ကို ပြောင်းသွားစေနိုင်လောက်တဲ့ ဆိုးရွားတဲ့ မဲမသမာမှုတွေ မရှိဘူးလို့ ထုတ်ပြန်ထားကြပါတယ်။
သမ္မတ Trump ကို ထောက်ခံကြောင်းပြမယ့် အခုဆန္ဒပြပွဲတွေကို ကွန်ဆာဗေးတစ် သတင်းဌာနတွေက သတင်းသမားတွေနဲ့ လူဖြူ လူမျိုးရေးအစွန်းရောက် ဝါဒီတွေက ဝါဒဖြန့် လှုံ့ဆော်ပေးနေကြပါတယ်။
ဒီအချက်ကြောင့်လည်း ဖက်ဆစ်ဝါဒဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့အစည်းတွေက ကမကထပြုပြီး တန်ပြန်ဆန္ဒပြပွဲတွေလုပ်မယ့် အစီအစဉ်တွေလည်း ပေါ်လာပါတယ်။
Crd VOA News