ရခိုင်အကြပ်အတည်း ပြေလည်ရေးလမ်းစအဖြစ် ရွေးကောက်ပွဲကျင်းပနိုင်အောင် ဂျပန်တိုက်တွန်းဆောင်ရွက်

25-Nov-2020

မြန်မာ့ရွေးကောက်ပွဲအပြီး အကြီးမားဆုံးပြဿနာတစ်ခုအဖြစ် အများသုံးသပ်ထားတဲ့၊ ရခိုင်ပဋိပက္ခ အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးလမ်းစပွင့်နိုင်ဖို့၊ ဂျပန်အစိုးရဖက်က ဘယ်လိုကူညီခဲ့တာကို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ကိုဝင်းမင်းကမေးရာမှာ၊ ဂျပန်အစိုးရအထူးကိုယ်စားလှယ် Mr. Sasakawa ကနေတဆင့်၊ အစိုးရနဲ့တပ်ထိပ်ဆုံးခေါင်းဆောင် ၂ ဦးကိုတွေ့ပြီး တိုက်တွန်းခဲ့ကြောင်း ခုလိုစရှင်းပြပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ရခိုင်ပြည်နယ်ငြိမ်ချမ်းရေးက အင်မတန်မှာ ရှုပ်တဲ့သမိုင်းရှိတဲ့ ကိစ္စဖြစ်ပါတယ်။ AA အဖွဲ့နဲ့ တပ်မတော်ကြားမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲ ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ အဓိကက လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို မကျင်းပနိုင်ခဲ့တဲ့နေရာဆိုတာ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဒေသခံတွေရဲ့ အသံက နိုင်ငံရေးမှာ ပါနိုင်တော့မှာမဟုတ်ပါဘူးခင်ဗျ ။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်အခြေအနေ တဆင့်ပြီးတဆင့် အကောင်းဘက်ကို သွားစေချင်တဲ့သဘောနဲ့ ဆိုင်းငံ့ထားတဲ့ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ကျင်းပနိုင်တာက အရေးကြီးတယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ အဲဒီလိုစကားကို၊ အဲ့ဒီလိုကိစ္စကို Mr. Sasakawa က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ စကားပြောတဲ့အခါမှာ ခေါင်ဆောင်ကြီး ၂ ယောက်စလုံးက အဲဒီရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ကျင်းပနိုင်တာက အရေးကြီးတယ်ဆိုတာက အဲဒီ ၂ ယောက်လည်း အဲဒီသဘောရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီရွေးကောက်ပွဲပြန်လုပ်ပေးဖို့ပေါ့နော် AA ရခိုင်တပ်မတော်နဲ့ တပ်မတော်တို့ကြား ကြေညာချက်တွေထုတ်၊ နိုဝင်ဘာ ၁၂ ရက်နေ့လောက်မှာထင်တယ်၊ တောင်းဆိုကြ ကြိုဆိုကြတာတွေမှာရော ဝင်ကူခဲ့တာရှိသေးလား သံအမတ်ကြီး။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Mr. Sasakawa ကို အဲဒီရွေးကောက်ပွဲ မြန်မြန်ဆန်ဆန် ကျင်းပနိုင်အောင် အကူအညီပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Mr. Sasakawa သူကိုယ်တိုင် ရွေးကောက်ပွဲအပြီးမှာ Araken Army (AA) နဲ့ ဆက်သွယ်ပြီးတော့၊ Araken Army ဖက်ကလည်း ရွေးကောက်ပွဲမြန်မြန်ဆန်ဆန်ဖြစ်စေချင်တဲ့ သဘောရှိတာကို တွေ့ရခဲ့တဲ့အတွက်၊ အဲဒီသဘောကြေညာချက်ထုတ်အောင် တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ AA က အဲဒါကို လုံးဝသဘောတူတယ် ။ အဲဒီလို သဘောတူတဲ့အတွက် သဘောတူတဲ့အကြောင်းကို တပ်မတော်ဘက်ကို Mr. Sasakawa ကအကြောင်းကြားတယ်၊ နောက် သူ အကြံအဉာဏ်ပေးတာက ၊တကယ်ကို AA က ဒီရွေးကောက်ပွဲအတွက် ကြေညာချက်ထုတ်တယ်ဆိုရင်၊ တပ်မတော်ဘက်ကလည်း ကြေညာချက်ထုတ်ဖို့ ကောင်းတယ်ဆိုတာ တပ်ချုပ်ကြီးကို အဆိုပြုခဲ့တယ်။ ကျွန်တော်တို့ တကယ်အမြန်ဆုံး ရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုရင် ရခိုင်ပြည်နယ်ကိစ္စအကုန်လုံးဖြေရှင်းနိုင်မယ်လို့တော့ ကျတော်မထင်ပါဘူး ။ ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စကို အကောင်းဘက်ကို သွားနိုင်တဲ့အဆင့်နား ပို့ဆောင်နိုင်တယ်လို့ မျှော်လင့်နေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အားရစရာပါ။ အခုလို ရခိုင်အကျပ်အတည်းကို ဒီရွေးကောက်ပွဲအပြီး ရလာတဲ့ အချိန်ကောင်းလေးအတွင်းမှာ အမိအရဆုပ်ကိုင်ပြီးတော့ အခုလို လမ်းစဖွင့်ပေးဖို့ ကူညီခဲ့ရကနေပြီးတော့ ရှေ့ဆက်တိုးတက်မှုတွေအတွက်ရော ဒီရွေးကောက်ပွဲ ပြန်ဖြစ်လာဖို့မှာပေါ့နော်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။တကယ်ရွေးကောက်ပွဲဆိုတာက ပြည်တွင်းကိစ္စဖြစ်တယ်နော်။ အဓိက တိုက်ရိုက်တာဝန်ရှိတာကတော့ မြန်မာအစိုးရ ၊ ရွေးကောက်ပွဲကော်မရှင်ရော၊ ရခိုင်ပြည်နယ်အစိုးရတို့ ဒေသခံအဖွဲ့အစည်းများဖြစ်ပါတယ်။ ဖြစ်အောင်ကြိုးစားဖို့ အင်မတန်မှ မျှော်လင့်နေပါတယ်။ ကျနော်တို့ နိုင်ငံခြားအစိုးရအနေနဲ့ ဆက်ပြီးတော့ လိုအပ်တဲ့အကူအညီများရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်ပေးပါမယ်။ အဲဒါကတော့ မြန်မာအစိုးရ၊ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်ရော ၊ ဒေသခံ သဘောထားရော မူတည်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ တပ်မတော်နဲ့ AA တို့က အပြန်အလှန်ကြိုဆိုကြ၊ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတော့ ခုနက သံအမတ်ကြီးပြောသလိုပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရဘက်ကရော။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ကျနော်တို့ သိသလောက်ဆိုရင် မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ရောပဲ၊ တတ်နိုင်သလောက်မြန်မြန် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ ကျင်းပပေးဖို့ ဆန္ဒရှိတယ်လို့ မြင်ပါတယ်။ အဲဒါကို အကောင်အထည်ဖော်စေချင်တယ်။ နောက်တခုက အဲဒီ ရခိုင်လက်နက်ကိုင်တပ်က ၁၂ ရက်နေ့မှာ၊ ပြီးတော့ တပ်မတော်ကရော ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီးနောက်ပိုင်းမှာ၊ သိသလောက်ဆိုရင် ၂ ဖက်ပြင်းပြင်းထန်ထန်တိုင်ပွဲ တခါမှ ရှိခဲ့တယ်ဆိုတဲ့သတင်းကို မကြားခဲ့ရပါဘူး။ အဲဒါ အင်မတန်မှ ကောင်းတဲ့အလားအလာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မြန်မြန်ဆန်ဆန်ဖြစ်ပါစေလို့ ကျနော်တို့ ဆုတောင်းနေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သံအမတ်ကြီး Maruyama ခင်ဗျာ။

Crd VOA News