ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ Sputnik V COVID-19 ရောဂါကာကွယ်ဆေးတွေကို ဆေးခန်းပေါင်း ၇၀ ကနေ ဒီကနေ့စပြီး အခမဲ့ ထိုးနှံပေးနေပါပြီ။ ဒါဟာ ရုရှားနိုင်ငံတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ လူအများအပြားကို ကာကွယ်ဆေး ထိုးပေးတာဖြစ်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ထိန်းချုပ်ရေး ဆိုင်ရာ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်တွင်းထုတ်ဖြစ်တဲ့ ဒီကာကွယ်ဆေးကို ပိုးကူးစက်နိုင်ခြေ အများဆုံးရှိတဲ့ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လူမှုဝန်ထမ်းတွေကို အရင်ဆုံး ဦးစားပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတွင်း ပိုးကူးစက်ရာ အချက်အခြာနေရာဖြစ်တဲ့ မော်စကိုမှာ စက်တင်ဘာလဆန်းပိုင်းကစပြီး နေ့စဉ် ပိုးကူးသူ ၇၀၀ ဝန်းကျင်ရှိရာက မနေ့ သောကြာနေ့မှာတော့ ၈,၀၀၀ ဝန်းကျင်ထိ ရောက်လာပါတယ်။
ကာကွယ်ဆေးထိုးပေးတဲ့သူတွေထဲမှာ အသက် ၆၀ ကျော်တွေ၊ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ခံစားထားရတဲ့သူတွေတော့ မပါပါဘူး။
ရုရှားနိုင်ငံမှာ ကာကွယ်ဆေး ၂ မျိုး စမ်းသပ်ထုတ်လုပ်နေပြီး Sputnik V ကိုတော့ ရုရှားအစိုးရရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဘဏ်က အထောက်အကူ ပေးထားတာပါ။
Siberia's Vector Institute ထုတ် ကာကွယ်ဆေးကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဆေးအာနိသင် ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးကို အပြည့်အဝ မသုံးသပ်ရသေးခင် အတည်ပြုပေးလိုက်တဲ့ Sputnik V ကာကွယ်ဆေးကို ခုလိုထိုးပေးနေတဲ့အပေါ် သိပ္ပံပညာရှင်တွေရဲ့ စိုးရိမ်သံတွေလည်း ထွက်လာပါတယ်။ ဒီကာကွယ်ဆေးကိုလည်း ၂၈ ရက်ခြားပြီး ၂ လုံး ထိုးကြရမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ပိုးကူးခံရသူ ၂.၄ သန်းကျော်ရှိပြီး ကမ္ဘာမှာ ပိုးကူးသူ စတုတ္ထမြောက် အများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
VOA News
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။