ရွေးကောက်ပွဲနောက်ဆက်တွဲအငြင်းပွားမှုပေါင်း ၉၀၀ ခန့်စာရင်းပြုစုထားပြီးဖြစ်ဟု ဆို

19-Nov-2020

ရွေးကောက်ပွဲတစ်ခုရဲ့ တရားမျှတမှုရှိမရှိ ဆုံးဖြတ်တာဟာ တစ်ရက်တည်းနဲ့ ကြည့်လို့မရဘဲ နောက်ဆုံးမှာ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေကို ဘယ်လိုသုံးသပ်ဆုံးဖြတ်တယ်ဆိုတဲ့အထိ ကြည့်ရမှာဖြစ်ပြီး အဲဒါအားလုံးပြီးမှသာ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးဟာ တရားမျှတမှုရှိမရှိ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

"အနိုင်ရဖို့အတွက်ဆိုရင် ဘာပဲလုပ်လုပ် လုပ်မယ်။ အနိုင်ရသွားတဲ့အခါမှာ နိုင်သွားရင် လုပ်သမျှ မှန်တယ် အကုန်မှန်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ လက်တွေ့လုပ်ရပ်မျိုးဟာ တကယ်တမ်းကျတော့ ဒီမိုကရေစီခေတ်မှာ မရှိသင့်တဲ့၊ ဒီမိုကရေစီရဲ့ အဓိကရန်သူ ဖြစ်ပါတယ်" လို့ ဦးသန်းဌေးကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဗီဒီယိုဖိုင်နဲ့ ပြောကြားတဲ့မိန့်ခွန်းမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်မှန်တဲ့ ပြည်သူအများစုရဲ့ ဆန္ဒကိုတော့ မဆန့်ကျင်ဘဲ ၊ လေးစားလိုက်နာသွားကြရမှာဖြစ်ပေမယ့် အနာဂတ်လူငယ်တွေအတွက် အမှားကိုအမှန်ထင်ပြီး သမိုင်းမပါသွားရအောင် နေရာအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ မမှန်ကန်တဲ့လုပ်ရပ်တွေကို ဒေသအလိုက်ရော တစ်ဦးချင်းအနေနဲ့ပါ ရဲရဲရင့်ရင့် ရင်ဆိုင်သွားကြမယ်လို့ ဦးသန်းဌေးကပြောကြားပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်နှစ်ရပ်ပေါင်း ၃၃ ဦးသာ အနိုင်ရရှိခဲ့ပြီး ယခင်ရရှိထားတဲ့ အနိုင်ရနေရာတွေကိုပါ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှုတွေကို ရွေးကောက်ပွဲကော်မရှင်ကိုလည်း တိုင်တန်းဖို့ပြင်ဆင်နေသလို ရဲအရေးပိုင်တဲ့အမှုတွေကိုလည်းရဲစခန်းမှာ အမှုဖွင့်ဖို့ရှိတယ်လို့ ဦးသန်းဌေးကပြောပါတယ်။

ရဲအရေးပိုင်တဲ့အမှုပေါင်း ၁၁၀ ကျော်နဲ့ ကော်မရှင်နဲ့ပတ်သက်တဲ့ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော်၊ စုစုပေါင်း ၉၀၀ ခန့် ကို ပါတီက နိုဝင်ဘာ ၁၉ ရက်ထိ စာရင်းပြုစုထားပြီးဖြစ်သလို ထပ်မံရရှိတဲ့ အချက်အလက်တွေကိုလည်း စုစည်းစာရင်းပြုစုထားတယ်လို့ ဦးသန်းဌေးကပြောပါတယ်။

ပါတီကိုဝန်းရံထောက်ခံသူတွေ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီရလဒ်တွေအပေါ်မှာ စိတ်ပျက်စရာသိမ်ငယ်စရာမလိုကြောင်းနဲ့ လုပ်ရမယ့်အလုပ်တွေရှိနေပြီး ဥပဒေဘောင်အတွင်းက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးသန်းဌေးကပြောကြားခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-USDP ဖေ့စ်ဘွတ်