တိုက်ပွဲရပ်လို့ ရခိုင်ဒုက္ခသည် ခုနှစ်သောင်း နေရပ်ပြန်

07-Dec-2020

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေရပ်နေတာကြောင့် စစ်ဘေးဒုက္ခသည် ခုနှစ်သောင်းဝန်းကျင် နေရပ်ပြန်သွားကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

စာရင်းတွေက အပြောင်းအလဲရှိနိုင်ပြီး လက်ရှိကောက်ယူထားတဲ့ စာရင်းတွေအရ ခုနစ်သောင်းကျော်ရှိပါတယ်။ အဲဒီထဲမှာ ဒုက္ခသည်စခန်းတွေကနေပြန်တဲ့သူ သုံးသောင်းလောက်ရှိပြီး နီးစပ်ရာနေရာတွေမှာနေတဲ့သူတွေက လေးသောင်းလောက်ရှိတယ်လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ပြန်တဲ့သူတွေအားလုံးနီးပါးဟာ အပြီးပြန်တဲ့ပုံစံမျိုးမဟုတ်ဘဲ တိုက်ပွဲတွေ ရပ်ဆိုင်းထားတဲ့ ဒီအချိန်ဟာ လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းကာလဖြစ်တာကြောင့် ယာယီသဘောပြန်ကြတာလို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒီလိုယာယီပြန်ရင်းနဲ့ ကျေးရွာအခြေအနေ၊ တိုက်ပွဲတွေအခြေအနေကြည့်ရင်း ဆောင်းသီးနှံစိုက်ပျိုးပြီး အခြေအနေပေးရင် တဖြည်းဖြည်း ပြန်ရွှေ့မယ့်ပုံစံမျိုးလည်းရှိပြီး လက်တလော ငြိမ်းချမ်းရေးဟာ အာမခံချက် မရှိသေးတာကြောင့် အပြီးပြန်မယ့်အခြေအနေဟာ သိပ်မသေချာသေးဘူးလို့ ဆိုပါတယ်။

နေရပ်ပြန်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းခွင်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတဲ့အပြင် နှစ်ဖက်တပ်တွေဟာ အင်အားဖြည်တင်းတာတွေရှိပြီး လက်တလောအပစ်ရပ်နေပေမယ့် ဘာသဘောတူညီချက်မှမရှိတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်နေတာတွေရှိတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

REC က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ဘေးဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်တဲ့သူတွေထဲမှာ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေက အများဆုံးဖြစ်ပြီး ဘူးသီးတောင်မှာလည်း အနည်းငယ်ရှိပါတယ်။

တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့တဲ့နေရာတွေ၊ သွားလာရေး အဆင်မပြေတဲ့နေရာတွေနဲ့ တပ်မတော်က စခန်းတွေချထားတဲ့ နေရာတွေကသူတွေကတော့ ပြန်လို့အဆင်မပြေတာကြောင့် မပြန်ကြဘူးလို့လည်း သိရပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နာရီဝက်ကြာ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ AA အဖွဲ့က ဒီဇင်ဘာ ၂ ရက် ညနေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက စာရင်းကောက်ယူတာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

ပြည်နယ်အစိုးရရဲ့စာရင်းတွေမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး (၉၈၄၆၇ ဦး) ရှိတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese